Loading

11 February 2025 ____ MOHT, Nay Pyi Taw
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် မြန်မာနိုင်ငံခရီးသွားပြပွဲ ၂၀၂၅ (Myanmar Tourism Fair MTF- 2025) ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များမှ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံရာတွင် ရှေ့ဦးစွာ ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်းက မြန်မာနိုင်ငံခရီးသွားပြပွဲ ၂၀၂၅ (Myanmar Tourism Fair MTF – 2025) ကို ပထမဆုံးအကြိမ်ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်များ၊ အာဆီယံ ဒေသတွင်းနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်သွားလိုသည့် အခြေအနေများ၊ မြန်မာနိုင်ငံအား မြှင့်တင်ကြော်ငြာသွားမည့်ကိစ္စရပ်များအား ရှင်းလင်းတင်ပြခြင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ပြပွဲ၊ ပြိုင်ပွဲကျင်းပရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးမင်းသိန်းက ပြပွဲကျင်းပသွားမည့် အစီအစဉ်များ၊ အသင်းအဖွဲ့များ၊ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးစေလိုသည့်ကိစ္စရပ်များ ကို ရှင်းလင်းတင်ပြခြင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အကြီးတန်းနည်းပညာအကြံပေး ဒေါ်ကြည်ကြည်အေးနှင့် Myanmar Tourism Master Plan (2026-2030) ရေးဆွဲရေးဆိုင်ရာ အဖွဲ့ဝင်များက မြန်မာ့ခရီးသွားလုပ်ငန်းပင်မစီမံကိန်း ရေးဆွဲဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး အမြဲတမ်းအတွင်းဝန်နှင့် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍ အလိုက် အသီးသီးဆွေးနွေးတင်ပြကြပါသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် မြန်မာ နိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက အားလုံး ပူးပေါင်းဆောင်ရွက် ကြရန်လိုအပ်ပါကြောင်း၊ ယခုကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံခရီးသွားပြပွဲ ၂၀၂၅ အား အာဆီယံဒေသတွင်းနိုင်ငံများမှဆောင်ရွက်သည့် ခရီးသွားပြပွဲများနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ပါက နိုင်ငံတကာက ပိုမိုကျယ်ပြန့်စွာ သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေ ဖြင့် ပြပွဲကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဌာနကြီးများသို့ တင်ပြခွင့်ပြုချက်ရယူပြီး လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ၄င်းနောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပင်မစီမံကိန်းရေးဆွဲနိုင်ရေး အတွက် သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများကို ဖိတ်ခေါ်၍ အလုပ်ရုံဆွေးနွေးပွဲ များ ကျင်းပပြုလုပ်သွားရန်လိုအပ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားပြီး အစည်းအဝေးအား (၃)နာရီခွဲတွင် ရုတ်သိမ်းလိုက်သည်။ Ref:MOHT