ဥယျောဇဥ်

“ခရီသွားလုပ်ဖော်ကိုင်ဖက်များအားလုံး
မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု နှုတ်ခွန်းဆက်သအပ်ပါတယ် ခင်ဗျာ …”

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ခရီးသွားလုပ်ငန်းဆက်စပ် ညီနောင်အသင်း (၁၁) သင်းဖြင့် ၂၀၁၁ ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ်တွင် ကိုဗစ်စတင်ဖြစ်ပွားချိန်မှစ၍ ညီနောင်အသင်းများအနေဖြင့် အခက်အခဲမျိုးစုံကို ကြုံတွေ့ခဲ့ရပြီး လက်ရှိတွင် ညီနောင်အသင်း (၉) သင်းဖြင့်သာ လှုပ်ရှားဆောင်ရွက်လျက်ရှိပါသည်။

ယခုဆိုလျှင် အဖွဲ့ချုပ်၏ သက်တမ်းသည် (၁၅) နှစ် ပြည့်မြောက်လာခဲ့ပြီဖြစ်ပါသည်။ အခက်အခဲများနှင့် စိန်ခေါ်မှုများကြားမှ (၁၅) နှစ်တိုင်တိုင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် လက်တွဲပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသော အဖွဲ့ချုပ်အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းများနှင့် ခရီးသွားလုပ်ငန်းလုပ်ဖော်ကိုင်ဖက်များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။

ပွင့်လင်းမြင်သာသော ဒီမိုကရေစီနည်းလမ်းတကျ အမှုဆောင်အသစ်များ ရွေးချယ်တင်မြှောက်ပွဲတွင် အသင်းသားများ၏ မဲဆန္ဒပေးမှုအရ အဖွဲ့ချုပ် အမှုဆောင်အဖွဲ့သစ် ၂၀၂၃-၂၀၂၆ (၃) နှစ် သက်တမ်းအတွက် အဖွဲ့ချုပ်၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းတာဝန်များကို ကဏ္ဍအလိုက် ဖိဖိစီးစီးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အမြဲတမ်းလုပ်ငန်းကော်မတီများဖြင့် စနစ်တကျ ဆောင်ရွက်လျက်ရှိကြပါသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သည် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ပြည်တွင်း၊ ပြည်ပ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း၊ စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးခြင်းများတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် စီမံခန့်ခွဲပေးခြင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများအား တွန်းအားပေးခြင်း၊ ခရီးသွားလုပ်ငန်းထုတ်ကုန်အသစ်များအား ဖော်ထုတ်ရှာဖွေခြင်း၊ ဈေးကွက်မြှင့်တင်ရေး မဟာဗျူဟာရေးဆွဲခြင်းများအား ညီနောင်အသင်းများနှင့် ပူးပေါင်း၍ ရေရှည်စဉ်ဆက်မပြတ် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါသည်။ ခရီးသွားလုပ်ငန်းသည် ၂၀၂၀ ခုနှစ် မတ်လမှစတင်၍ စိန်ခေါ်မှုများစွာရှိခဲ့သော်လည်း အဆိုပါစိန်ခေါ်မှုများကို ကျော်လွှားပြီး ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

ကိုဗစ်-၁၉ ၏ အကျိုးဆက်များကြောင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းများ တရှိန်ထိုး ကျဆင်းခဲ့သလို မြန်မာ့ခရီးသွားလုပ်ငန်းလည်း ကျဆင်းခဲ့သော်လည်း ခရီးသွားလုပ်ငန်း ပြန်လည်နလန်ထူနိုင်အောင် နိုင်ငံတော်အစိုးရမှ Business E-visa များ ပြန်လည်လျှောက်ထားခွင့်ပေးခြင်း၊ Commercial Flight များ ပြန်လည်ပျံသန်းခွင့်ပြုခြင်း၊ Tourist E-visa များ ပြန်လည်ခွင့်ပြုပေးခြင်းတို့ကြောင့် ခရီးသွားဧည့်သည် ဝင်ရောက်မှု အခြေအနေ တိုးတက်လာသည်ကို မြင်တွေ့ရပါသည်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရမှ ဖြေလျှော့မှုများ ဆောင်ရွက်ပေးနေသကဲ့သို့ မိမိတို့ ပုဂ္ဂလိကကဏ္ဍအနေဖြင့်လည်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုခံယူ၍ ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ Tour Operator များ၊ Social Media များ၊ Influencer များ ဖိတ်ခေါ်၍ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ်များ စီစဉ်ဆောင်ရွက်ခဲ့ခြင်းများ၊ မြန်မာနိုင်ငံကို ကမ္ဘာကသိရှိပြီး ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်နိုင်ရန်အတွက် နိုင်ငံတကာ ခရီးသွားပြပွဲများသို့ သွားရောက်ပြသခဲ့ခြင်းများနှင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြည်တွင်း၌လည်း ခရီးသွားပြပွဲများ ကျင်းပပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်မှ ချမှတ်ထားသည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များမှာလည်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တတ်စွမ်းသမျှ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါသည်။

လက်ရှိဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (၂၀၂၃ ခုနှစ်) အရ အသင်းသားအဖြစ် လက်ရှိအသင်းအဖွဲ့များအပြင် ခရီးသွားလုပ်ငန်းဆိုင်ရာ ကုမ္ပဏီများ၊ လိုင်စင်ရ စီးပွားရေးလုပ်ငန်းများ၊ ကျွမ်းကျင်ပညာရှင်များနှင့် ခရီးသွားလုပ်ငန်း တစ်ခုခုတွင် တာဝန်ထမ်းဆောင်နေသည့် တစ်ဦးချင်းပုဂ္ဂိုလ်များအား ဖိတ်ခေါ်၍ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိ ကျင့်သုံးလျက်ရှိသော ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့် အဖွဲ့ချုပ်၏ လုပ်ငန်းလည်ပတ်ချက်များအပေါ် စနစ်တကျ သုံးသပ်ပြီးနောက် အဖွဲ့ချုပ်တွင် ပါဝင်သော အသင်းများနှင့် တစ်သီးပုဂ္ဂလပုဂ္ဂိုလ်များ အနေဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် မျှတစွာ ပါဝင်နိုင်ရန် ရည်ရွယ်၍လည်းကောင်း၊ အဖွဲ့ချုပ်၏ စွမ်းဆောင်ရည် မြင့်မားနိုင်ရန် ရည်ရွယ်၍လည်းကောင်း ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (၂၀၂၆ ခုနှစ်) ကို မူကြမ်းရေးဆွဲထားပြီးဖြစ်၍ အဆိုပါ မူကြမ်းကို ယနေ့ ကျင်းပသည့် စတုတ္ထအကြိမ် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးတွင် အတည်ပြုသွားမည် ဖြစ်ပါသည်။

မိမိတို့ အလုပ်အမှုဆောင်အဖွဲ့ (၂၀၂၃–၂၀၂၆) ၏ လူမှုအကျိုးပြုလုပ်ငန်းများအနေဖြင့် ရာဂိမုန်တိုင်းကြောင့် အိမ်ခြေများ ပျက်စီးခဲ့သည့် မန်ကျည်းပင်ကျေးရွာအုပ်စု၊ ညောင်ပင်သာရွာတွင် အိမ်အလုံးပေါင်း (၂၂) လုံးအား အဖွဲ့ချုပ်၊ ညီနောင်အသင်းများနှင့် အလှူရှင်များ စုပေါင်း၍ ပြန်လည်တည်ဆောက်ပေးခဲ့ခြင်းနှင့် ၂၈-၃-၂၀၂၅ တွင် လှုပ်ခတ်ခဲ့သည့် မြေငလျင်ဒဏ်ကြောင့် ဘေးဒုက္ခကြုံတွေ့နေရသော ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ခြင်း စသည့် လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍနှင့် အဖွဲ့ချုပ်တွင် တာဝန်ထမ်းဆောင်နေကြသောသူများအား အသိအမှတ်ပြုနိုင်ရေးအတွက် အဖွဲ့ချုပ် ထူးချွန်ဆုပေးရေးဘုတ်အဖွဲ့အား ဖွဲ့စည်းခဲ့ပြီး ပထမအကြိမ် ထူးချွန်ဆု ပေးအပ်ခြင်းအခမ်းအနားကို တတိယအကြိမ် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးတွင် ပူးတွဲကျင်းပနိုင်ခဲ့ပါသည်။ ထူးချွန်ဆုပေးရေးအစီအစဉ်များကို အခါအားလျော်စွာ ဆောင်ရွက်သွားပါမည်။

အဖွဲ့ချုပ်၏ ရှေ့လုပ်ငန်းစဉ်များအဖြစ် သတ်မှတ်ဆောင်ရွက်နေသည့် အောက်ဖော်ပြပါ လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်မှာ မိမိတို့ မိခင်ဝန်ကြီးဌာနဖြစ်သည့် ဟိုတယ်နှင့် ခရီးသွားလာရောက်ရေးဝန်ကြီးဌာန၏ အားပေးကူညီပံ့ပိုးမှုများလိုအပ်သကဲ့သို့ ညီနောင်အသင်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည်လည်း လွန်စွာ အရေးကြီးပါကြောင်း ပြောကြားလိုပါသည်။

# မြန်မာနိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေးအဖွဲ့ (Tourism Board of Myanmar – TBM) ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

# မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပင်မစီမံကိန်း (၂၀၂၆-၂၀၃၀) အချောသတ်ရေးဆွဲရေး လုပ်ငန်းစဉ်များတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်၊

# ဂေဟစနစ်ခရီးသွားလုပ်ငန်းအဖွဲ့အား ဖွဲ့စည်းပြီးဖြစ်၍ ဂေဟစနစ်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားရန်၊

# ခရီးသွားကဏ္ဍ MSMEs လုပ်ငန်းများဆပ်ကော်မတီအား ဖွဲ့စည်းပြီးဖြစ်၍ ခရီးသွားကဏ္ဍရှိ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ရန်၊

ခရီးသွားလုပ်ငန်းကဏ္ဍအား နိုင်ငံတော်၏ ဦးစားပေးကဏ္ဍမှာ ပါဝင်လာဖို့ မိမိတို့အားလုံး ကြိုးစားကြရန် လိုအပ်ပါသည်။ လက်ရှိဖြစ်ပေါ်လျက်ရှိသော ကမ္ဘာနှင့် ဒေသတွင်း အခင်းအကျင်းများအရ ခရီးသွားကဏ္ဍ ပြန်လည်အရှိန်ရဖို့ ခရီးသွားလောကသားများ စည်းလုံးညီညွတ်နေဖို့ လိုအပ်ပါသည်။ အတ္တဟိတ – ပရဟိတ မျှတစွာ ဆောင်ရွက်နိုင်ရန် တိုက်တွန်းအပ်ပါသည်။ မြန်မာ့မျက်နှာစာသစ်ဖိုရမ်မှာ နိုင်ငံတော်အကြီးအကဲ၏ မိန့်ကြားချက်ကို ကိုးကားရရင်တော့ နိုင်ငံတော်အနာဂတ်အတွက် အမှန်တကယ် အလုပ်လုပ်မည့်သူများ လိုအပ်ပါသည်။

အဖွဲ့ချုပ်၏ လှုပ်ရှားဆောင်ရွက်မှုများအား ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး အဖွဲ့ချုပ်ကြီး ယခင်ကထက် ဘဏ္ဍာရေး၊ စည်းရုံးရေး၊ စွမ်းဆောင်ရည်နှင့် ဝန်ဆောင်မှုများ ပိုမိုတောင့်တင်းခိုင်မာကောင်းမွန်ပြီး တစ်နိုင်ငံလုံး ဖြန့်ကျက်လွှမ်းခြုံနိုင်သော ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကြီးအဖြစ် ရပ်တည်နိုင်ရေးအား အထူးအလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

နိဂုံးချုပ်အားဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သည် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ညီနောင်အသင်းများ၏ ပူးပေါင်းပါဝင်ကြိုးပမ်းအားထုတ်မှုများမှတစ်ဆင့် ခရီးသွားထုတ်ကုန်အသစ်များ ဖန်တီးခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် မြန်မာနိုင်ငံအား နိုင်ငံတကာမှ ပိုမိုသိရှိလာစေရန်နှင့် တစ်နှစ်ပတ်လုံး လည်ပတ်နိုင်သည့် ထင်ရှားကျော်ကြားသော ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်နိုင်ရန်အတွက် ခရီးသွားလုပ်ငန်းဈေးကွက်ရှာဖွေခြင်းနှင့် မြှင့်တင်ရေးလုပ်ငန်းများကို တက်ကြွလှုပ်ရှားစွာ ဆက်လက်ထမ်းပိုး ဆောင်ရွက်နိုင်ပြီး အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ရန်ဝင်း
ဥက္ကဋ္ဌ
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်
၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်၊ စနေနေ့

Contact Us

No.4, Corner of Merchant Road & Sandaku Road, 3 Ward, Botahtaung Township, Yangon, Myanmar.
Tel : +95 1 203861, 203862
Fax : +95 1 203863
Email : info@mtf.org.mm

Int'l volunteers

Careers

AGM

Other Tourism Sites

www.tourism.gov.mm
www.myanmar.travel
www.visitmyanmar.cn