10 February 2026 _____ Hybrid Meeting
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံ၏ သဘာဝအခြေခံခရီးသွားလုပ်ငန်း (Ecotourism) ကဏ္ဍအား စနစ်တကျ ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ ဒုတိယအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။ အစည်းအဝေးကို နံနက် ၁၁ နာရီတွင် စတင်ကျင်းပခဲ့ပြီး ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ အဖွဲ့ချုပ်အကြီးတန်းအကြံပေး ဒေါ်ကြည်ကြည်အေးနှင့် ပြင်ပ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂၀၁၅-၂၀၂၅ မူဝါဒအား သုံးသပ်ခြင်း (Quick Review) ပြုလုပ်ကာ Strategic Program (၆) ခုဖြစ်သည့် အဖွဲ့အစည်းဆိုင်ရာ စီမံခန့်ခွဲမှု၊ စီမံကိန်းရေးဆွဲမှု၊ ဒေသခံပါဝင်မှု၊ စည်းကမ်းသတ်မှတ်မှု၊ သုတေသနနှင့် ဈေးကွက်မြှင့်တင်ရေး လုပ်ငန်းစဉ်များကို လက်ရှိအခြေအနေနှင့် ကိုက်ညီစေရန် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့သည်။
ထို့ပြင် အာဆီယံ သဘာဝအခြေခံခရီးသွားလုပ်ငန်း စံချိန်စံညွှန်းများ အကောင်အထည်ဖော်နိုင်ရေးနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) အောက်တွင် ဆပ်ကော်မတီပုံစံဖြင့် တာဝန်ယူဆောင်ရွက်မည့် “MTF Ecotourism Working Group” ကို စနစ်တကျ ဖွဲ့စည်းရန် ဆွေးနွေးအတည်ပြုခဲ့သည်။
နယ်မြေဒေသ တည်ငြိမ်မှုနှင့် သွားလာရေးလွယ်ကူမှုအပေါ် အခြေခံ၍ မိန်းမလှကျွန်း၊ လန်ပိကျွန်းနှင့် အင်းလေးကန်တို့ကို ဦးစားပေးဒေသအဖြစ် သတ်မှတ်ဆောင်ရွက်သွားရန် သဘောတူညီခဲ့သည်။ ထို့အပြင် မကွေးတိုင်းရှိ ရွှေစက်တော်ဒေသတွင်ပါ Community Participation (CP) ပုံစံဖြင့် ဒေသခံများ ပါဝင်နိုင်ရေး ဖော်ဆောင်သွားမည်ဖြစ်သည်။
Working Group တွင် နာယက (Patron)၊ ဥက္ကဋ္ဌ (Chairperson) နှင့် အဖွဲ့ဝင်များ ပါဝင်မည်ဖြစ်ပြီး အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြား ပေါင်းကူးဆောင်ရွက်သွားမည်ဖြစ်သည်။ လုပ်ငန်းများ အောင်မြင်စေရန် ကွင်းဆင်းလေ့လာမှုနှင့် အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များအတွက် လိုအပ်သော ဘတ်ဂျက် လျာထားနိုင်ရေးသည် အရေးကြီးကြောင်း ဆွေးနွေးအတည်ပြုခဲ့သည်။
အထွေထွေဆွေးနွေးချက်များ ပြုလုပ်ပြီးနောက် အစည်းအဝေးကို နေ့လယ် (၁) နာရီတွင် ရုတ်သိမ်းခဲ့သည်။

