၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၄)ရက် _______ နေပြည်တော်
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော ရာဂိမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရုံးခဲ့သော ဒေသများအနက် နေပြည်တော်ကောင်စီနယ်မြေရှိ မကျည်းပင်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ ပြည်လည်ထူထောင်ရေးစီမံကိန်းအား မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဘေးအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းအဖွဲ့မှ ဦးဆောင်ပြီး ညီနောင်အသင်းများ၊ ပြင်ပအလှူရှင်များမှ တရွာလုံးပျက်စီးဆုံးရုံးသွားသော အဆိုပါ ကျေးရွာ၏ ပြန်လည်ထူထောင်ရေးစီမံကိန်း ဖော်ဆောင်နေမှုအခြေအနေများအား ဒီဇင်ဘာလ (၄)ရက်နေ့ မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းများနှင့် ပြင်ပအလှူရှင်များ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးမှ ညောင်ပင်သာကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဒေသခံများနှင့် တွေ့ဆုံရာတွင် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကိုကြည့်ရှု၍ လိုအပ်သည်များ ကူညီပံ့ပိုးပေးရန် ဖြစ်ပါကြောင်း၊ ယခုညောင်ပင်သာကျေးရွာ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူထု အခြေပြုသဘာဝအခြေခံခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်နိုင်ရန် ထည့်သွင်းစီစဉ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုကျေးရွာအား ဝန်ကြီးဌာနမှ ဖော်ဆောင်လျက်ရှိသည့် ခရီးသွားစံပြကျေးရွာများအနက် တစ်ရွာအဖြစ်ပါဝင်လာနိုင်ရန် ဟိုတယ်နှင့် ခရီးသွားအသင်းအဖွဲ့ များ၊ ကျေးရွာသူကျေးရွာသားများ ဝိုင်းဝန်းပူးပေါင်းကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကျေးရွာ၌ လူထုအခြေပြုသဘာဝအခြေခံခရီးသွားလုပ်ငန်းဖော်ဆောင်နိုင်ပါက ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များကို ဆွဲဆောင်ဖိတ်ခေါ်နိုင်ပြီး ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးကို အထောက်အပံ့ဖြစ်စေမည်ဖြစ်ပါကြောင်း၊
ကျေးရွာရှိဒေသခံများအနေဖြင့် ဒေသထွက်ကုန်များကိုအဆင့်မြှင့်တင်ပြီး ခရီးသွားလုပ်ငန်း ဖော်ဆောင်ရာတွင် ထည့်သွင်းအသုံးပြုနိုင်ရေး ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနနှင့် အသင်းအဖွဲ့များပူးပေါင်းက ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သော သင်တန်းများကို ဒေသခံများ တက်ရောက်နိုင်ရေး စီစဉ်ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ နှင့် ဘေးအန္တရယ်တုံ့ပြန်ရေးလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင်တို့မှ ညောင်ပင်သာကျေးရွာ ပြန်လည်ထူထောင်ရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တာဝန်ရှိသူများက ဒေသခံများထံသို့ စားသောက်ဖွယ်ရာများကိုထောက်ပံ့ပေးအပ်ပြီး၊ ကျေးရွာအတွင်း Community Center တည်ဆောက်မှု အခြေအနေများ၊ လူထုအခြေပြုသဘာဝအခြေခံခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်မှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရှိရပါသည်။ Ref : MOHT