20 March 2026 _____ MTF
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) နှင့် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအသင်း (MHPA) တို့ တွေ့ဆုံရာတွင် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးလာစေရန်နှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရန် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်မည်ဟု သဘောတူညီခဲ့သည်။

တွေ့ဆုံပွဲတွင် MHPA အမှုဆောင်အဖွဲ့သစ်ကို မိတ်ဆက်ပြီး ရှေ့ဆက်လုပ်ငန်းစဉ်များ၊ တရားဝင်မှတ်ပုံတင်ရေးနှင့် လိုအပ်သည့် အကူအညီများကို ဆွေးနွေးခဲ့သည်။ MTF ဥက္ကဋ္ဌမှလည်း ခရီးသွားလုပ်ငန်း ပြန်လည်တည်ငြိမ်လာရေး၊ “Tourism Board” ဖွဲ့စည်းနိုင်ရေးနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းမှု အားကောင်းစေရေးကို အလေးထားပြောကြားခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍသည် GDP တွင် အလွန်နည်းပါးနေပြီး ထိုင်း၊ မလေးရှားတို့နှင့် နှိုင်းယှဉ်ပါက မြှင့်တင်ရေးဘတ်ဂျက် နည်းပါးနေသည့် အခက်အခဲကိုလည်း ထောက်ပြခဲ့သည်။
MHPA သည် အဖွဲ့ဝင် ၁,၂၀၀ ကျော်ရှိသော အဖွဲ့အစည်းဖြစ်ပြီး လက်ရှိတွင် တရားဝင်မှတ်ပုံတင်ရေး ဆောင်ရွက်နေကာ အဖွဲ့ချုပ်ထံမှ ထောက်ခံချက်နှင့် နည်းပညာအကူအညီများ ရယူရန် ဆွေးနွေးခဲ့သည်။ မှတ်ပုံတင်ရေးတွင် ကြုံတွေ့ရသော အခက်အခဲများကိုလည်း အတွေ့အကြုံ ဖလှယ်ခဲ့ကြသည်။ အဆိုပါအစည်းအဝေးသို့ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။
နိဂုံးချုပ်အားဖြင့် အဖွဲ့ချုပ် ဥက္ကဋ္ဌမှ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညီနောင်အသင်းများ အားလုံး ပူးပေါင်းကြိုးပမ်းရန် တိုက်တွန်းခဲ့သည်။