3 May 2025 __________ Naypyitaw
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဘေးအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းအဖွဲ့မှ ဦးဆောင်ပြီး နေပြည်တော် ပြည်ထောင်စုနယ်မြေ မကျည်းပင်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာတွင် ၂၀၂၄ ခုနှစ် တွင်ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ပျက်စီးသွားခဲ့သော လူနေအိမ်များအား ညီနောင်အသင်းများနှင့် ပြင်ပအလှူရှင်များ၏ ပံ့ပိုးကူညီမှုများဖြင့် ပြန်လည်တည်ဆောက်ပေးခဲ့သည့် လူနေအိမ်များ ရာနှုန်းပြည့် ပြီးစီးသည့်အတွက် ကျေးရွာနေပြည်သူများသို့ နေအိမ်များ လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို မေလ (၃) ရက်နေ့ နံနက် (၉း၃၀)တွင် တပ်ကုန်းမြို့နယ်၊ မကျည်းပင်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ၌ ကျင်းပရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ဘေးအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းအဖွဲ့ ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း၊ နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသန်းထွန်းဦး၊ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ညောင်ပင်သာကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံရွာသူရွာသားများ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီ ဥက္ကဌတို့မှ အမှာစကားများပြောကြားပြီးနောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌမှ အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ညောင်ပင်သာကျေးရွာမှ နေအိမ်များပျက်စီး ဆုံးရှုံးခဲ့ရပါကြောင်း၊ ကျေးရွာပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ညီနောင်အသင်းများနှင့် အလှူရှင်များ၏ ပံ့ပိုးကူညီမှုများဖြင့် ယခုလို ပြန်လည်တည်ဆောက်ပေးနိုင်ခဲ့ပါကြောင်း၊ ထိုသို့တည်ဆောက်နိုင်ရန်အတွက် ပံ့ပိုးကူညီပေးခဲ့ကြသော  သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာတာဝန်ရှိသူများအား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ အနာဂတ်တွင် လူထုအခြေပြုခရီးသွားလုပ်ငန်းများ လုပ်ကိုင်သွားနိုင်ရန်ထိ မျှော်လင့်တည်ဆောက်ခဲ့ပါကြောင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးကြသူများ အားလုံး ကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဘေးအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းအဖွဲ့ ခေါင်းဆောင် ဦးမျိုးသွင်မှ ညောင်ပင်သာကျေးရွာ၏ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းသော စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များအား အသီးသီး ရှင်းလင်းတင်ပြပြီး ယခုလို လူနေအိမ်များအား ဒေသခံနေထိုင်သူများထံသို့ မိုးမကျမီ အချိန်မီ လွှဲပြောင်းပေးနိုင်ရန် ပံ့ပိုးကူညီခဲ့ကြသော အလှူရှင်များနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့ကြသူများကို ကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြားခဲ့သည်။
၎င်းနောက် ညောင်ပင်သာကျေးရွာရှိ ရေဘေးသင့်ပြည်သူများသို့ ပြန်လည်တည်ဆောက်ပေးခဲ့သည့် လူနေအိမ်များအား ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဌ၊ ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌတို့က ဒေသခံရွာသူရွာသားများထံသို့ လွှဲပြောင်း ပေးအပ်ကာ ဒေသခံရွာသူရွာသားများ ကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အဖွဲ့ချုပ် ဥက္ကဌနှင့် တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကျေးရွာအတွင်း ရေဘေးသင့်ဒေသခံရွာသူ ရွာသားများအတွက် ဆောက်လုပ်ပေးထားသော လူနေအိမ်များသို့ လှည့်လည်ကြည့်ရှုခဲ့ပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

မှတ်တမ်းဓါတ်ပုံများ