5 December 2025 _______ MTF
မြန်မာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) သည် သီရိလင်္ကာနိုင်ငံမှ Mr. P.D. Lal Kularathna, Minister, Embassy of Sri Lanka, Yangon ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဒီဇင်ဘာလ (၅)ရက်တွင် အဖွဲ့ချုပ်၌ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာ အဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှုးနှင့် အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ တက်ရောက်ကြသူများမှ အပြန်အလှန်မိတ်ဆက်ကြပြီး သီရိလင်္ကာနိုင်ငံမှ Mr P.D. Lal Kularathna, Minister, Embassy of Sri Lanka, Yangon ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ၎င်းတို့နိုင်ငံ၏ နှစ်ပေါင်း ၂,၅၀၀ ကျော် သမိုင်းကြောင်း၊ “အိန္ဒိယသမုဒ္ဒရာ၏ ပုလဲလုံး” အဖြစ် တင်စားရသော သဘာဝအလှများနှင့် ယဉ်ကျေးမှုဓလေ့များအား Mr. Saliya Dharmawardane မှ Presentation ဖြင့် ရှင်လင်းတင်ပြရာတွင် – သီရိလင်္ကာနိုင်ငံတွင် သွားရောက်ဖူးမြော်နိုင်သည့် ဗုဒ္ဓအမွေအနှစ်များဖြစ်သည့် သွားဓာတ်တော်တိုက် (Dalada Maligawa)၊ ဇေယျာသီရိမဟာဗောဓိ (Jaya Sri Maha Bodhi) ၊ အနုရာဓပူရနှင့် ရှေးဟောင်း စေတီပုထိုးများ၊ ဘုရားကျောင်းကန်များနှင့် ပွဲတော်များ၊ သဘာဝလည်ပတ်နိုင်သော ကမ္ဘာ့အံ့ဖွယ် တစ်ခုဖြစ်သည့် ဆီးဂီရိယ (Sigiriya) ကျောက်တောင်၊ တောရိုင်းတိရစ္ဆာန်ဥယျာဉ်များနှင့် Adam’s Peak စသည်တို့အား မိတ်ဆက်တင်ပြခြင်း၊ ဆွေးနွေးပွဲတွင် ခရီးသွားလာရေးကဏ္ဍအတွက် အရေးပါသည့် လေကြောင်းခရီးစဉ်များ၊ ဗီဇာ (Visa) ကိစ္စရပ်များ၊ ငွေပေးချေမှုစနစ် စသည်တို့အား အဓိကထား ဆွေးနွေးခဲ့ကြသည်။ ဆက်လက်ပြီး သီရိလင်္ကာ ခရီးသွားကိုယ်စားလှယ်အဖွဲ့မှ Mr. Parinda Dissanayake, Chief Executive Officer က “Travel Vibes” ဒီဂျစ်တယ်ခရီးသွားပလက်ဖောင်းကို မိတ်ဆက်ခဲ့ပြီး အဆိုပါ ပလက်ဖောင်းသည် မြန်မာနိုင်ငံအပါအဝင် အာရှဒေသတွင်း ခရီးသွားလုပ်ငန်းရှင်များအား ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားများနှင့် တိုက်ရိုက်ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်ကြောင်း၊ မြန်မာခရီးသွားကုမ္ပဏီများအနေဖြင့် အခမဲ့စာရင်းပေးသွင်းနိုင်ကြောင်း ရှင်းပြခဲ့ပြီး တက်ရောက်သူများမှ သိလိုသည်များအား မေးမြန်းခဲ့ကြသည်။ နိဂုံးချုပ် အနေဖြင့် အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်မင်းထင်က အစည်းအဝေး၏ ရလဒ်ကောင်းများအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း၊ အဖွဲ့ချုပ်သည် ဆွေးနွေးပွဲမှ ရရှိသော ရလဒ်များကို အခြေခံ၍ သီရိလင်္ကာနိုင်ငံနှင့် ခရီးသွားကဏ္ဍ တိုးတက်စေရန် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားကာ အစည်းအဝေးအား မွန်းလွဲ(၃)နာရီတွင် ပြီးဆုံးခဲ့သည်။

