၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက် _______ နေပြည်တော်
ခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို အောက်တိုဘာလ (၃၁)ရက်နေ့ နံနက်ပိုင်း တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ညီနောင်အသင်းများမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် က အဖွင့်အမှာစကားပြောကြားခြင်း၊ ကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၄)ကြိမ် မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ကော်မတီမှဆုံးဖြတ်ပေးရန် အမှာစာများအား ဖတ်ကြားတင်ပြခြင်း၊ ယင်းနောက် တက်ရောက်လာကြသည့် ကော်မတီဝင် နေပြည်တော်ကောင်စီနှင့် တိုင်း ဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များ၊ ပုဂ္ဂလိက ခရီးသွားအဖွဲ့အစည်းကိုယ်စားလှယ်များက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက်အသီးသီးဆွေးနွေး တင်ပြခဲ့ကြသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ နှင့် ညီနောင်အသင်းများမှ တက်ရောက်လာကြသူများက မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်နိုင်ရေး၊ ခရီးသွားဈေးကွက် မြှင့်တင်ရေး၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍလူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွား လုပ်ငန်းအခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ Ref : MOHT