Loading

13 November 2024 _______ Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ညီနောင်အသင်းများနှင့် နိုင်ငံတော်အဆင့်ခရီးသွားပြပွဲအား ပုဂ္ဂလိကဏ္ဍအနေဖြင့် ပူးပေါင်းကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ နံနက် (၉)နာရီတွင် Hybrid စနစ်ဖြင့်ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းများမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အဖွဲ့ချုပ်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားရာတွင် လာမည့်နှစ်များတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ ခရီးသွားလုပ်ငန်းမြှင့်တင်သည့်အနေဖြင့် နိုင်ငံတော်အဆင့် ခရီးသွားပြပွဲကြီးတစ်ခုအား ညီနောင်အသင်းအဖွဲ့များနှင့်အတူ ပူးပေါင်း ကျင်းပသွားနိုင်ရေးအတွက် ယနေ့အထူးအစည်းအဝေးအနေဖြင့် ခေါ်ယူခြင်းဖြစ်ပါကြောင်း၊ ထိုသို့ကျင်းပရာတွင် တစ်သင်းတဖွဲ့ပုံစံမျိုးမဟုတ်ပဲ အားလုံးစုပေါင်း ကျင်းပတဲ့ ပုံစံမျိုး ဖြစ်စေလိုပါကြောင်း၊ ဒါကြောင့် လက်ရှိညီနောင်အသင်းများတွင် အလားတူ ပြုလုပ်ရန်ရှိသည့် ပြပွဲများရှိနေပါက ညှိနှိုင်းပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ တက်ရောက်လာသော ညီနောင်အသင်းတာဝန်ရှိသူများမှ ပူးပေါင်းပါဝင်နိုင်ရေး ဆောင်ရွက်ဆဲအခြေအနေများနှင့် လိုအပ်သည်များညှိနှိုင်းဆွေးနွေးခြင်း၊ ပြပွဲကျင်းပရန်နေရာရွေးချယ်မှုနှင့် အခြားလိုအပ်ချက်များအား ညှိနှိုင်းဆွေးနွေးခြင်း၊ ဘဏ္ဍရေးဆိုင်ရာ ပြပွဲခန့်မှန်းကုန်ကျစရိတ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်း၊ တက်ရောက်လာကြသူများမှလည်း လိုအပ်သည်များ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး အစည်းအဝေးအား မွန်းလွဲ (၁၂း၃၀)တွင် ရုတ်သိမ်းခဲ့သည်။