Loading

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက် ________ ရန်ကုန် ။
ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုနယ်ပယ်အတွင်း ဝန်ဆောင်မှုအရည်အသွေး မြှင့်တင်ရေးနှင့် တရုတ်ခရီးသွားဈေးကွက်မြှင့်တင်ရေးတို့အတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ အထောက်အပံ့ဖြင့် ဝန်ဆောင်မှုအရည်အသွေးမြှင့်တင်ရေးသင်တန်းများဖွင့်ပွဲအခမ်းအနားနှင့် တရုတ်ခရီးသွားစျေးကွက်မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ UMFCCI မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်မှုဆောင်များ၊ ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခြင်း၊ ဆက်လက်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ မှ အဖွင့်မိတ်ဆက်စကားပြောကြားခြင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့်ပတ်သက်၍ အကျဥ်းချုပ်ရှင်းလင်းတင်ပြခြင်း၊ ယနေ့ကျင်းပတဲ့ သင်တန်းဖွင့်ပွဲအခမ်းအနား၏ ရည်ရွက်ချက်နှင့်ပတ်သက်၍ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနယ်ပယ်မှာ အလုပ်လုပ်နေကြတဲ့ ဝန်ထမ်းတွေရဲ့ စျေးကွက်တစ်ခုဖြစ်တဲ့ တရုတ်ခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေးအတွက် ရည်ရယ်ကျင်းပတဲ့ ဆွေးနွေးပွဲဖြစ်ပါကြောင်း၊ တရုတ်ခရီးသွားများ ပိုမိုလာရောက်နိုင်အောင် မြန်မာနိုင်ငံကို နိုင်ငံတကာလေကြောင်းလိုင်းများမှတစ်ဆင့် လာရောက်ကြတဲ့ ပြည်ပခရီးသွားများအနက် တရုတ်နိုင်ငံသားများပါဝင်သော ကမ္ဘာလှည့်ခရီးသည် များအတွက် ဆိုက်ရောက်ဗီဇာ (Tourist Visa on Arrival) ကိုလည်း သြဂုတ်လ ၂၀၂၅ခုနှစ်ထိ စမ်းသပ်ကာလ (၁)နှစ် အစိုးရမှ ထုတ်ပြန်ပေးထားပါကြောင်း၊ မြန်မာနိုင်ငံရဲ့ အထင်ကရခရီးစဥ်ဒေသများဖြစ်တဲ့ ရန်ကုန်၊ ငွေဆောင်၊ နေပြည်တော်၊ ပုဂံ နဲ့ မန္တလေးခရီးစဥ်ဒေသများသို့ တရုတ်ခရီးလှည့်လည်ရေး ကုမ္ပဏီများ၊ မီဒီယာများပါဝင်သော မြန်မာ-တရုတ်ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဥ်ကို ပြီးခဲ့သော မေလထဲတွင် ဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ စီစဥ်ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ တရုတ်ခရီးသွားတွေ အများအပြားဝင်ရောက်လာတဲ့အခါ တရုတ်ဧည့်သည်များ စိတ်ကျေနပ်မှုရရှိနိုင်မဲ့ ဝန်ဆောင်မှုများပေးနိုင်ဖို့ အရေးကြီးပါသောကြောင့် ယခုပို့ချမဲ့သင်တန်းတွေထဲမှာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က စီစဥ်တဲ့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနယ်ပယ်ဆိုင်ရာ ဒီဂျစ်တယ်နည်းပညာကျွမ်းကျင်မှုစွမ်းရည်မြှင့်တင်ရေးသင်တန်း၊ ဧည့်လမ်းညွှန်အသစ်များအတွက် စွမ်းရည်မြှင့်သင်တန်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက စီစဥ်တဲ့ ခရီးသွားဝန်ဆောင်မှုနှင့် ခရီးစဥ် စီစဥ်ရောင်းချခြင်းဆိုင်ရာသင်တန်းနဲ့ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရန်ကုန်ဇုန်)က စီစဥ်တဲ့ ဟိုတယ်ဝန်ထမ်းများအတွက် ဝန်ဆောင်မှု သင်တန်း(၄)မျိုးဖြစ်တဲ့ Front Office, House Keeping, F&B Service, F&B Production (Chinese) သင်တန်း စုစုပေါင်းသင်တန်း (၇)မျိုးကို အာဆီယံ သင်ရိုး ညွှန်းတမ်းများကို အခြေပြုသင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပမဲ့ တရုတ်ခရီးသွားစျေးကွက်မြှင့်တင်ရေးဆိုင်ရာဆွေးနွေးပွဲမှလည်း ရလဒ်ကောင်းများ ထွက်ပေါ်လာပြီး လက်တွေ့မှာပြန်လည်အသုံးချနိုင်လိမ့်မယ်လို့ ယုံကြည်ပါကြောင်း၊ နိဂုံးချုပ်ချုပ်အနေနဲ့ ယခုလိုဟိုတယ်နဲ့ ခရီးသွားကဏ္ဍမှာ အဓိကလိုအပ်နေတဲ့ သင်တန်းများ ဖြစ်မြောက်အောင် စီစဥ်ဆောင်ရွက်ပေးပါသော ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ၊ တရုတ်နိုင်ငံကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၊ အဖွဲ့ချုပ်ရဲ့ အသင်းသားရေးရာကော်မတီနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ လိုအပ်သည်များ ဝိုင်းဝန်းကူညီပံ့ပိုးပေးပါသော ညီနောင်အသင်းများနှင့် သင်တန်းသား/သူများအားလုံး၊ သင်တန်းဖြစ်မြှောက်အောင် အဖက်ဖက်မှ ကူညီပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး အမှတ်တရပစ္စည်းများပေးအပ်ကာ စုပေါင်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဌာနမှ သံမှူးနှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (China Foundation for Rural Development – CFRD) မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ ဆက်စပ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အမျိုးသား စီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ ခရိုင်အဆင့် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (DMO) များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သင်တန်းသူများလည်း တက်ရောက်ခဲ့ကြသည်။