7 – 13 November 2025 _____ Riyadh, Saudi Arabia
(၂၆)ကြိမ်မြောက် ကုလသမဂ္ဂ ခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism) အထွေထွေညီလာခံနှင့် ဆက်စပ်အစည်းအဝေးများအား ဆော်ဒီအာရေဗျနိုင်ငံ၊ ရီရတ်ဒ်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး နှင့် အလုပ်အမှုဆောင်တို့ တက်ရောက်ခဲ့ကြသည်။ ညီနောင်အသင်းများဖြစ်ကြသော မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေးအသင်းတို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။
ကမ္ဘာ့နိုင်ငံပေါင်း (၁၆၀)ကျော်မှ ကိုယ်စားလှယ်များနှင့်အတူ အဖွဲ့ချုပ်ကိုယ်စားလှယ်များသည် အဆိုပါညီလာခံနှင့် ဆက်စပ်အစည်းအဝေးများအား ပါဝင်တက်ရောက်ခဲ့ကြပြီး နိုင်ငံတကာခရီးသွားလုပ်ငန်းအလားအလာများနှင့် ခရီးသွားဆိုင်ရာများကို အထွေထွေညီလာခံမှ ဆွေးနွေးအတည်ပြုခဲ့ပါသည်။ အဆိုပါအစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
(၂၇) ကြိမ်မြောက် ကုလသမဂ္ဂ ခရီးသွားလုပ်ငန်းအဖွဲ့ အထွေထွေညီလာခံအစည်းအဝေးကို Dominican Republic နိုင်ငံမှ ၂၀၂၇ ခုနှစ်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။