17 June 2025 _____ Hybrid Meeting
ယမန်နေ့ မွန်းလွဲ (၂)နာရီတွင် ကျင်းပသော Food & Tourist Festival in Novosibirsk Russia ပြပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုပြခန်း ပါဝင်ပြသနိုင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Hybrid စနစ်ဖြင့်ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစီအစဥ်အရ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ အဖွဲ့ချုပ် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားရာတွင် အဆိုပါပြပွဲတွင် ပါဝင်ကြမည့်အဖွဲ့များ၊ ပူးပေါင်းပါဝင် ကူညီကြမည့်သူများအနေဖြင့် လိုအပ်သည်များ ဝိုင်းဝန်းဆွေးနွေးပေးကြဖို့ မှာကြားလိုခြင်းဖြစ်ပါကြောင်း၊ ဆက်လက်ပြီး အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်မှ ရုရှားနိုင်ငံ၊ နိုဗိုစီဗစ်မြို့တွင်ကျင်းပမည့် Food & Tourist Festival တွင် မြန်မာနိုင်ငံ၏ အဓိက ယဥ်ကျေးမှုနှင့် အစားအသောက်များကို ပြသရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံကိုယ်စားပြုပြသရမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ညီနောင်အသင်းများဖြစ်တဲ့ MHA, UMTA တို့နဲ့အတူ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းတို့မှ အားလုံးပူးပေါင်း ဆောင်ရွက်ပေးစေချင်ပါကြောင်း၊ ၄င်းနောက် ပြပွဲနေရာ၊ ပြသရမည့်ပုံစံ၊ ပြသမည့် မြန်မာ့အစားအစာ တို့အား ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများမှ ဦးစားပေး ပြသသင့်သည့် မြန်မာ့အစားအစာများ၊ သွားလာ နေထိုင်ရေး၊ အခမ်းအနား ပြင်ဆင်ရေးတို့အား ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ်မှ လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးကာ အစည်းအဝေးအား မွန်းလွဲ (၃း၃၀)နာရီခွဲတွင် ရုတ်သိမ်းလိုက်သည်။


