13 August 2025 _____ Webinar
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အသင်းသားရေးရာကော်မတီမှဦးစီး၍ မြန်မာနိုင်ငံရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ၊ ယဥ်ကျေးမှု ဓလေ့ထုံးတမ်းစဥ်လာများ၊ သဘာဝနှင့် ယဥ်ကျေးမှုသယံဇာတ အရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်ခြင်းဖြင့် တည်တံ့သော ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၏ ဂုဏ်ထူးဆောင်အကြံပေးပုဂ္ဂိုလ် ဦးဘုန်းသန့်မှ “Setting Up the Hsithe Community Based Tourism Village” ခေါင်းစဥ်ဖြင့် အွန်လိုင်းဟောပြောပွဲအား ၂၀၂၅ခုနှစ်၊ သြဂုတ်လ (၁၃)ရက်နေ့၊ မွန်းလွဲ (၁)ရီတွင် အွန်လိုင်း စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလူမွန်မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ဆက်လက်၍ ဦးဘုန်းသန့်မှ မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်အတွင်းရှိ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသော ဆည်သည်ကျေးရွာ တည်ထောင်ခဲ့ခြင်းနှင့် စီစဥ်ဆောင်ရွက်ခဲ့မှု အတွေ့အကြုံများနှင့်ပတ်သက်၍ Power Point Presentation ဖြင့် ရှင်းလင်း ဟောပြောခဲ့ပြီး ၊ GeoDiscover Travel ၏ မန်းနေဂျင်းဒါရိုက်တာ ဒေါ်နှင်းဝတ်ရည်မှ ဆည်သည်ကျေးရွာသို့ ဧည့်သည်များ သွားရောက်လည်ပတ်ရာတွင် အဆင်ပြေချောမွေ့စေရန် ခရီးစဥ် တလျောက် စီစဥ်ဆောင်ရွက်မှု အတွေ့အကြုံများနှင့်ပတ်သက်၍ ဆက်လက်ရှင်းလင်းတင်ပြခဲ့သည်။ တက်ရောက်လာကြသူများမှ သိလိုသည်များအား မေးမြန်းကြပြီး အွန်လိုင်းဟောပြောပွဲအား ညနေ(၃)ရီတွင် ပြီးဆုံးခဲ့သည်။
အဆိုပါဟောပြောပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ စိတ်ပါဝင်စားသူများတက်ရောက်ခဲ့ကြသည်။