မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) ၏ အသင်းသားရေးရာကော်မတီမှ စီစဉ်သည့် “The Importance of Biodiversity Conservation & the Role of Ecotourism in Myanmar” ခေါင်းစဉ်ဖြင့် Online Webinar ကို ၂၀၂၆ခုနှစ်၊ ဖေဖေါ် ဝါရီလ (၁၀)ရက်နေ့၊ နေ့လယ်(၁)နာရီတွင်ကျင်းပခဲ့သည်။
ဆွေးနွေးပွဲသို့ အသင်းသားရေးရာကော်မတီ ဥက္ကဋ္ဌနှင့် ရှမ်းရိုးမခရီးသွားလုပ်ငန်းကုမ္ပဏီ Managing Director ဦးလှအေး၊ အဖွဲ့ချုပ် အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းများမှ ခရီးသွားလုပ်ငန်းရှင်များ၊ ကျောင်းသားလူငယ်များနှင့် စိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြသည်။
အဖွင့်အမှာစကားအပြီးတွင် ဦးလှအေးက PowerPoint Presentation ဖြင့် ရှင်းလင်းတင်ပြရာတွင် သဘာဝပတ်ဝန်းကျင်သည် ခရီးသွားလုပ်ငန်း၏ “အရင်းအနှီး (Capital)” ဖြစ်ကြောင်း၊ ထိုအရင်းအမြစ် ပျက်စီးပါက ဆက်စပ်စီးပွားရေးလုပ်ငန်းများအပေါ် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်ကြောင်း ထောက်ပြခဲ့သည်။ ထို့ပြင် အရေအတွက်ကို ဦးစားပေးသည့် Mass Tourism မော်ဒယ်မှ ဝင်ငွေနှင့် တန်ဖိုးကို မြှင့်တင်ပေးနိုင်သည့် High-Value Ecotourism သို့ ပြောင်းလဲဖော်ဆောင်ရန် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။
ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်ဆိုင်ရာ ဆွေးနွေးမှုတွင် မြန်မာနိုင်ငံ၌ ရှိသည့် ဂေဟစနစ် (၈) မျိုးဖြစ်သည့် Forest, Ocean, Desert, Wetland, Grassland, High Mountain (Tundra), Freshwater နှင့် Human-made Ecosystem များ၏ အရေးပါမှုကို ရှင်းလင်းခဲ့သည်။ ထို့အပြင် Mangrove, Marine နှင့် Wetland ဒေသများ၏ Ecotourism အလားအလာများကို ထည့်သွင်းဆွေးနွေးခဲ့ပြီး အာဆီယံအမွေအနှစ်စာရင်းဝင် လန်ပိကျွန်းသည် စလုံ (Moken) လူမျိုးစု၏ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် ပေါင်းစပ်တည်ရှိသည့် ထူးခြားသော Natural & Cultural Heritage တစ်ခုဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ Ramsar Site များဖြစ်သည့် အင်းတော်ကြီးနှင့် မိန်းမလှကျွန်း၊ အာဆီယံအမွေအနှစ်ဝင် နတ်မတောင်တို့သည် မြန်မာ့ Ecotourism ဖွံ့ဖြိုးရေးအတွက် အရေးပါသည့် သဘာဝအရင်းအမြစ်များဖြစ်ကြောင်းလည်း ထောက်ပြခဲ့သည်။
စိန်ခေါ်မှုများအဖြစ် ရာသီဥတုပြောင်းလဲမှု၊ အလွန်အကျွံ ငါးဖမ်းဆီးမှုများနှင့် ပင်လယ်အတွင်း ကျန်ရစ်သော ပိုက်ကွန်ဟောင်းများကြောင့် ဖြစ်ပေါ်နေသည့် Ghost Fishing ပြဿနာများကို အထူးသတိပြုရန် ဆွေးနွေးခဲ့သည်။ ယင်းစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် နေရောင်ခြည်စွမ်းအင် အသုံးပြုမှု တိုးမြှင့်ခြင်း၊ Community-based Tourism ကို မြှင့်တင်ခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများ တင်းကျပ်စွာ ချမှတ်ခြင်းတို့ လိုအပ်ကြောင်း အကြံပြုဆွေးနွေးခဲ့သည်။
နိဂုံးချုပ်အနေဖြင့် အဖွဲ့ချုပ်မှ ပညာရှင်များနှင့် စိတ်ပါဝင်စားသူများပါဝင်သော Ecotourism Working Group ဖွဲ့စည်းကာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် မြန်မာ့ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးရေးအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။
ဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းခဲ့ကြပြီး ဦးလှအေးမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သဖြင့် Webinar သည် အမြင်များ ဖလှယ်နိုင်သည့် အကျိုးရှိသော ဆွေးနွေးပွဲတစ်ခု ဖြစ်ခဲ့သည်။