19 May 2026 ____ Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ခရီးသွားကဏ္ဍ MSMEs လုပ်ငန်းများဆပ်ကော်မတီ၏ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၁) နာရီတွင် Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ခရီးသွားလုပ်ငန်း MSMEs များအတွက် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် (Digital Payment) ကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်ရေး၊ ဘဏ်များမှတစ်ဆင့် ငွေကြေးထောက်ပံ့မှု (Financial Access) လွယ်ကူချောမွေ့စေရေးနှင့် လုပ်ငန်းလိုင်စင်ဆိုင်ရာ အခက်အခဲများကို လျော့ပါးဖြေရှင်းနိုင်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့ရေး မဟာဗျူဟာနှင့် MSME ဥပဒေသစ်များကို ချိတ်ဆက်အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းစဉ်များကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအဖြစ် Innovation & Digitalization၊ Policy Coordination၊ Capacity Building နှင့် Stakeholder Engagement ဟူသည့် လုပ်ငန်းအဖွဲ့ (Working Groups) လေးခု ဖွဲ့စည်းသွားရန် အတည်ပြုခဲ့ကြပြီး ယင်းလုပ်ငန်းအဖွဲ့များမှတစ်ဆင့် ခရီးသွား MSMEs လုပ်ငန်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ မူဝါဒဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးနှင့် သက်ဆိုင်သူများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် လာမည့် ဇွန်လ (၃) ရက်နေ့တွင် MTF ရုံး၌ “MSME Meet-up” စကားဝိုင်းကို ကျင်းပသွားရန် သတ်မှတ်ခဲ့ပြီး ယင်းစကားဝိုင်းမှတစ်ဆင့် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။