20 October 2026 _____ Virtual Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) ၏ ဈေးကွက်မြှင့်တင်ရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေးကော်မတီသည် အလုပ်အမှုဆောင်ကော်မတီ (EC) အစည်းအဝေးသို့ တင်ပြမည့် အဖွဲ့ချုပ်၏ ခရီးသွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့များအလိုက် ဘတ်ဂျက်ရေးဆွဲမှုများကို ပေါင်းစပ်ညှိနှိုင်းရန် အွန်လိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသို့ တင်ပြသည့် ပုံစံအတိုင်း ခရီးစဉ်ဒေသပုံရိပ်မြှင့်တင်ခြင်း၊ Digital Marketing Strategy၊ ဈေးကွက်သုတေသနနှင့် Advertising & Promotion အပါအဝင် အဓိကခေါင်းစဉ် ၁၀ ခုအပေါ် အခြေခံ၍ ဘတ်ဂျက်များ ရေးဆွဲရန် ဆွေးနွေးခဲ့ကြသည်။ အာဆီယံလုပ်ငန်းအဖွဲ့ (ASEAN Working Group) အနေဖြင့် တိုက်ရိုက်လေကြောင်းလိုင်းများရှိပြီး ခရီးသွားဧည့်သည်များ လာရောက်နိုင်ခြေရှိသည့် ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနှင့် စင်ကာပူနိုင်ငံများကို အဓိကပစ်မှတ်ဈေးကွက်များအဖြစ် သတ်မှတ်ကာ ၂၀၂၆ ခုနှစ် အောက်တိုဘာလမှ ၂၀၂၇ ခုနှစ် မတ်လအထိ ပထမခြောက်လတာကာလနှင့် ၂၀၂၇ ခုနှစ် ဧပြီလမှ ၂၀၂၈ ခုနှစ် မတ်လအထိ တစ်နှစ်တာကာလအတွက် ခန့်မှန်းဘတ်ဂျက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
တရုတ်လုပ်ငန်းအဖွဲ့ (China Working Group) အနေဖြင့် တရုတ်ဈေးကွက်အတွက် Digital Marketing Campaign များ ဆောင်ရွက်ခြင်း၊ ပြည်နယ်အလိုက် Influencer များကို ဖိတ်ခေါ်၍ ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းကာ လေ့လာရေးခရီးစဉ်များ စီစဉ်ခြင်းနှင့် ၂၀၂၇ ခုနှစ် ITB China ပြပွဲတွင် ပါဝင်ပြသခြင်းတို့အတွက် လျာထားဘတ်ဂျက်များ တင်ပြရေးကို ဆွေးနွေးခဲ့ကြသည်။ အခြားလုပ်ငန်းအဖွဲ့များအနေဖြင့်လည်း ဘတ်ဂျက်ရေးဆွဲမှုများကို ယခုလ ၂၂ ရက်နေ့ နောက်ဆုံးထား၍ ပြုလုပ်ပြီး လာမည့် အလုပ်အမှုဆောင်အစည်းအဝေး၌ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။


