03 November 2026 ____ MOCHT, Naypyitaw
နေပြည်တော်၌ ကျင်းပပြုလုပ်မည့် “မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးပြပွဲ” အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးသို့ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်ရုံးခွဲမှ ညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ တိုက်ရိုက်တွေ့ဆုံ၍ ဘက်စုံပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် ပြပွဲကြီးကို နေပြည်တော်၌ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ပြပွဲကြီးသည် နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးအတွက်သာမက မြန်မာနိုင်ငံ၏ ပုံရိပ်၊ ခရီးစဉ်ဒေသများ၏ သာယာလှပမှု၊ ယဉ်ကျေးမှုနှင့် ဖော်ရွေသော ဝန်ဆောင်မှုများကို တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များထံ ပြသနိုင်မည့် အခွင့်အရေးကောင်းတစ်ခုဖြစ်သဖြင့် ခရီးသွားကဏ္ဍ အောင်မြင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ပြပွဲကြီးကို အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး အပိုင်း (၁) ကို MICC ၌လည်းကောင်း၊ အပိုင်း (၂) ကို ပြည်သူ့ရင်ပြင်၌လည်းကောင်း ကျင်းပမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ပြပွဲတွင် တရုတ်နိုင်ငံမှ ပြခန်း ၆၀၀ ကျော်နှင့် မြန်မာနိုင်ငံမှ ပြခန်း ၃၀၀ ကျော်၊ စုစုပေါင်း ပြခန်း ၉၀၀ ကျော် ပါဝင်ပြသမည်ဖြစ်ကြောင်း သိရပါသည်။
ထို့ပြင် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဧည့်သည် ၁,၅၀၀ မှ ၂,၀၀၀ ခန့်သည် လေကြောင်းလိုင်းများဖြင့် ရန်ကုန်နှင့် မန္တလေးမြို့များသို့ ရောက်ရှိလာမည်ဖြစ်ရာ တည်းခိုနေထိုင်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးတို့ကို စနစ်တကျ ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းခဲ့ပါသည်။ ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုပေးနိုင်ရန် အာမခံချက်ရှိသည့် ခရီးသွားကုမ္ပဏီ ၂၅ ခုကို ရွေးချယ်ပြီး ကုမ္ပဏီတစ်ခုလျှင် ဧည့်သည် ၃၀ မှ ၆၀ အထိ တာဝန်ယူဆောင်ရွက်စေမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသား ၁၅ ဦးလျှင် စကားပြန်တစ်ဦးနှုန်းနှင့် ဧည့်လမ်းညွှန်များ ထည့်သွင်းပေးနိုင်ရေး လျာထားကြောင်း၊ ဟိုတယ်အခန်းများကို သင့်တင့်သောနှုန်းထားဖြင့် စီစဉ်ပေးရေးနှင့် စားသောက်ဆိုင်အသင်းမှ Food Court ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချရေးတို့ကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် အထွေထွေဆွေးနွေးခြင်းအစီအစဉ်တွင် MTF ဥက္ကဋ္ဌက ပြပွဲနှင့်ပတ်သက်၍ လျင်မြန်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ဝန်ကြီးရုံးမှ တာဝန်ခံပုဂ္ဂိုလ်တစ်ဦး သတ်မှတ်ပေးရေး၊ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ ဟိုတယ်အခန်းများ အသင့်ပြင်ဆင်ထားရှိမှု၊ ကြိုတင်ငွေပေးချေမှုစနစ် (Payment System) တို့နှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးခဲ့ပါသည်။ ညီနောင်အသင်းများမှ တာဝန်ရှိသူများကလည်း ဟိုတယ်လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူခွင့်ရရှိရေး၊ ဧည့်သည်အုပ်စုများ ခွဲဝေတာဝန်ယူရေး၊ Food Court ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချရေးနှင့် ခရီးသွားယာဉ်များ စစ်ဆေးရေးဂိတ်များ၌ အချိန်ကြန့်ကြာမှုမရှိစေရေးတို့အတွက် ကြိုတင်ညှိနှိုင်းဆောင်ရွက်ပေးရန် တင်ပြဆွေးနွေးခဲ့ကြပါသည်။
တင်ပြဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီးက ဝန်ကြီးရုံးမှ တာဝန်ခံပုဂ္ဂိုလ် သတ်မှတ်ပေးရေး၊ ကြိုတင်ငွေပေးချေမှုကို ၅၀ ရာခိုင်နှုန်းအထိ ခွင့်ပြုပေးနိုင်ရေးနှင့် ကျပ်ငွေဖြင့် ပေးချေရေး၊ ဟိုတယ်လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူနိုင်ရေးကိစ္စရပ်များကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ရေးပြပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ ခရီးသွားကဏ္ဍ၏ ပုံရိပ်ကောင်းများ ဖော်ထုတ်နိုင်ရေးအတွက် သက်ဆိုင်ရာအသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များအားလုံး အလေးအနက်ထား၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။


