12 October 2026 _____ Nay Pyi Taw
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် (၃၃) ၌ ကျင်းပပြုလုပ်သည့် ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိပညာရှင်များ၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ခရီးသွားဈေးကွက် စနစ်တကျ ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရေး၊ နိုင်ငံတကာခရီးသွားဈေးကွက် ပြန်လည်ဦးမော့လာစေရေးနှင့် နိုင်ငံတော်၏ စီးပွားရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝကို ဘက်စုံအထောက်အကူပြုနိုင်ရေးတို့အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြား ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များနှင့် တွေ့ဆုံခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌက အဖွဲ့ချုပ် ဖြစ်ပေါ်လာပုံနှင့် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့ပြင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းပင်မစီမံကိန်း ၂၀၂၆-၂၀၃၀ (Myanmar Tourism Master Plan 2026-2030) ကို ဝန်ကြီးဌာနနှင့် အဖွဲ့ချုပ်မှ ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိပညာရှင်များ ပူးပေါင်းရေးဆွဲထားရှိမှု၊ ၂၀၂၇ ခုနှစ်တွင် မြန်မာ့ခရီးသွားပြပွဲ ၂၀၂၇ (Myanmar Travel Fair 2027) ကျင်းပနိုင်ရေးအတွက် လိုအပ်သည့်ကိစ္စရပ်များနှင့် မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်သည့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးရန်ပုံငွေကို ဥပဒေနှင့်အညီ ကောက်ခံနိုင်ရေးတို့ကို တင်ပြဆွေးနွေးခဲ့သည်။
ဆက်လက်၍ ညီနောင်အသင်းများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက အသင်းအလိုက် ဖွဲ့စည်းဆောင်ရွက်နေမှုအခြေအနေများ၊ တွေ့ကြုံနေရသည့် အခက်အခဲများ၊ ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှုများ၊ ပြည်ပနိုင်ငံများမှ ခရီးသွားဈေးကွက်များ ရရှိရေးအတွက် ဈေးကွက်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကို အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။



