Loading

16 November 2023 _______ UMFCCI
၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့၊ နေ့လည် (၃:၀၀) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) ဥက္ကဋ္ဌ ဦးရန်ဝင်း၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်း ၊ဒုတိယဥက္ကဋ္ဌ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး နှင့် တာဝန်ရှိသူများအား သွားရောက်တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် နှစ်ဘက်အဖွဲ့ဝင်များမှ ရင်းရင်းနှီးနှီး အပြန်အလှန် မိတ်ဆက်ပြီးနောက် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းမှ ယခုလိုညီနောင်အသင်းများနဲ့ တွေ့ဆုံရသည့်အတွက် လှိုက်လှိုက်လှဲလှဲဝမ်းသာပါကြောင်း၊ ကုန်သည်စက်မှု အသင်းချုပ် အနေဖြင့် ပုဂ္ဂလိက စီးပွါးရေးကဏ္ဍပေါင်းစုံ ဖွံဖြိုးတိုးတက်ရေး အတွက် အထူး ကြိုးပမ်းလျက်ရှိပါကြောင်း၊ ခရီးသွားကဏ္ဍတွင် စိန်ခေါ်မှုများ ရှိနေဆဲ ဖြစ်သော်လည်း ခရီးသွားအဖွဲ့ချုပ်အနေဖြင့် စုစုစည်းစည်းဖြင့် ပြန်လည်ရုံးထလာနိုင်တဲ့အတွက် အနှေးနဲ့အမြန် ပြန်လည်တိုးတက် လာမှာဖြစ်ပါကြောင်း ၊ ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် ခရီးသွားလုပ်ငန်း နှင့် ပတ်သက်သော ကိစ္စရပ်များတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် နှင့် ဆက်သွယ်၍ အတူတကွ ပူပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းမှ ယခုလိုနွေးထွေးစွာကြိုဆိုတွေ့ဆုံခွင့်ရသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ခရီးသွားအဖွဲ့ချုပ်အနေဖြင့် ခရီးသွားကဏ္ဍ ပြန်လည်ဖွဲ့ဖြိုး တိုးတက်ရေးအတွက် ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များနှင့် ကျွမ်းကျင်ပညာရှင်များကို ပြန်လည် စုစည်းလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ အသင်းချုပ်က နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည့်အတွက် ဝမ်းမြောက်ပါကြောင်း ပြန်လည်ပြောကြားပါသည်။

တွေ့ဆုံပွဲ အပြီးတွင် နှစ်ဘက် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကာ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။