Loading

October 14, 2023 _______ Inya Lake Hotel, Yangon.
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးနှင့် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားအား ယမန်နေ့ (၁၄.၁၀.၂၀၂၃)ရက်နေ့ နံနက်(၁၀)နာရီတွင် အင်းယားလိတ်ဟိုတယ်၌ ကျင်းပခဲ့ရာ အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင်ဥက္ကဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် နှင့် ကော်မရှင် အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသော မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)မှ ဒုတိယဥက္ကဌ ဒေါက်တာဝင်းစည်သူနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဦးရန်ဝင်းနှင့် အလုပ်မှုဆောင်များ၊ ဆန္ဒမဲပေးကြမည့် ညီနောင်အသင်းများမှ ကိုယ်စားပြုအသင်းဝင်များ၊ ကုမ္ပဏီ/လိုင်စင်ရစီးပွါးရေးလုပ်ငန်းများနှင့် တသီးပုဂ္ဂလ ကျွမ်းကျင်ပညာရှင်အစုအဖွဲ့မှ အသင်းဝင်များ၊ အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ နှင့် Online Voting စနစ်အား ပံ့ပိုးကူညီကြမည့် UMFCCI နည်းပညာအထောက်အကူပြု အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အခမ်းအနား အစီအစဥ် ပထမပိုင်းအရ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်မှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခြင်း၊ ဒုတိယအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးသဘာပတိ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဦးရန်ဝင်းမှ အမှာစကားပြောကြားခြင်း၊ အထွေထွေအတွင်းရေးမှူး ဦးကြည်သိန်းကိုမှ နှစ်ပတ်လည်အစီရင်ခံစာ (၂၀၁၇-၂၀၂၃)အား ဖတ်ကြားတင်ပြခြင်း၊ ဘဏ္ဍာရေးမှုး ဦးသန်းရွှေမှ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်အတွက် နှစ်ချုပ်ငွေစာရင်းရှင်းတမ်းအား ဖတ်ကြားတင်ပြခြင်းနှင့် နှစ်ပတ်လည်အစီရင်ခံစာ (၂၀၁၇-၂၀၂၃)နှင့် (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်အတွက် နှစ်ချုပ်ငွေစာရင်းရှင်းတမ်းအား ကြေငြာ၍ တက်ရောက်လာကြသူများမှ ကန့်ကွက်သူမရှိ အတည်ပြုကြသည်။

အခမ်းအနား အစီအစဥ် ဒုတိယပိုင်း၏ အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားတွင် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင်မှ ကြီးကြပ်၍ အလုပ်အမှုဆောင် စုစုပေါင်း (၅၇) ဦးကို အတည်ပြုကြေငြာ ခဲ့ပြီးနောက် ဆက်လက်၍ ဗဟိုအလုပ်အမှုဆောင်ရွေးကောက်ပွဲအား Online Voting စနစ်အသုံးပြု၍ ကျင်းပခဲ့သည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော အလုပ်အမှုဆောင်များမှ စီမံခန့်ခွဲရေး ရာထူး ဗဟိုအလုပ်အမှုဆောင်နေရာများဖြစ်ကြသည့် ဥက္ကဌ (၁)နေရာ၊ ဒုတိယဥက္ကဌ(၆)နေရာ၊ အထွေထွေအတွင်းရေးမှူး (၁)နေရာ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၆)နေရာ၊ ဘဏ္ဍာရေးမှူး(၁)နေရာ၊ တွဲဖက်ဘဏ္ဍာရေးမှူး(၂)နေရာ၊ စာရင်းစစ်(၁)နေရာ၊ တွဲဖက် စာရင်းစစ်(၂)နေရာ၊ ဗဟိုအလုပ်အမှုဆောင် (၃)နေရာ စုစုပေါင်း ဗဟိုကော်မတီဝင် (၂၃)ဦးတို့အား အဆင့်ဆင့် စနစ်တကျ ဆန္ဒမဲပေးရွေးချယ်ခဲ့ကြပြီး ညနေ(၄း၃၀)တွင်အခမ်းအနားပြီးဆုံးကာ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ဒုတိယအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးနှင့် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲအခမ်းအနား မှတ်တမ်းဓါတ်ပုံများ
ဓါတ်ပုံ – ကျော်ကျော်  (MTF)