မဟာမဲခေါင်ဒေသခွဲ (Greater Mekong Subregion – GMS) နိုင်ငံများအကြား ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် ကျင်းပလျက်ရှိသည့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၆ (Mekong Tourism Forum 2026) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် ဇွန်လ (၁၇) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Pan Pacific Yangon ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။
“ခရီးသွားလုပ်ငန်းဖြင့် ပြည်သူသို့ ကောင်းကျိုးပြုဖို့ ခရီးသွားစို့” ဟူသော ဦးတည်ချက်ဖြင့် ကျင်းပသည့် အဆိုပါဖိုရမ်သို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီး H.E. Mr. HUOT Hak၊ မဟာမဲခေါင်ဒေသခွဲအဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားလုပ်ငန်းအာဏာပိုင်များ၊ ဖွံ့ဖြိုးတိုးတက်မှုမိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) မှ ဥက္ကဋ္ဌ ဦးဆောင်သော အလုပ်အမှုဆောင်ကော်မတီဝင်များ၊ ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိပညာရှင်များလည်း တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ ဒေသတွင်း ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာအားကောင်းလာစေရေး၊ ရေရှည်တည်တံ့ပြီး အားလုံးပါဝင်နိုင်သည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်နိုင်ရေးနှင့် ဒေသခံပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် ခရီးသွားလုပ်ငန်းဖော်ဆောင်နိုင်ရေးတို့၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဒစ်ဂျစ်တယ်နည်းပညာအသုံးချမှု မြှင့်တင်ရေးနှင့် တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်လက်ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၆ ကို ၂၀၂၆ ခုနှစ် ဇွန်လ (၁၄) ရက်နေ့မှ (၁၉) ရက်နေ့အထိ ကျင်းပလျက်ရှိပြီး မဟာမဲခေါင်ဒေသခွဲအဖွဲ့ဝင်နိုင်ငံများမှ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များ၊ ခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များနှင့် ဖွံ့ဖြိုးတိုးတက်မှုမိတ်ဖက်အဖွဲ့အစည်းများ ပါဝင်ဆွေးနွေးလျက်ရှိပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) အနေဖြင့် ဒေသတွင်းခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍ ရေရှည်တည်တံ့စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍ၏ အခန်းကဏ္ဍကို ဆက်လက်အားကောင်းစွာ ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Photo : MOHTC