၂၈ မတ် ၂၀၂၆ —— Melia Yangon
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ စတုတ္ထအကြိမ် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် Melia Yangon ၌ ကျင်းပခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးနန္ဒအောင်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ၊ အစည်းအဝေးသဘာပတိဖြစ်သည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ အသင်းသားများနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားအစီအစဉ်အရ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးနန္ဒအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌမှလည်း အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အစည်းအဝေးသဘာပတိဖြစ်သည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌမှ အမှာစကား ပြောကြားရာတွင်—
အဖွဲ့ချုပ်အနေဖြင့် ၁၅ နှစ်သက်တမ်းအတွင်း ကိုဗစ်-၁၉ အပါအဝင် စိန်ခေါ်မှုများစွာ ကြုံတွေ့ခဲ့ရသော်လည်း ဌာနဆိုင်ရာများ၊ ညီနောင်အသင်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုကြောင့် ယခုအခါ ခရီးသွားဧည့်သည် ဝင်ရောက်မှုအခြေအနေ ပြန်လည်တိုးတက်လာပြီဖြစ်ကြောင်း၊
မြန်မာနိုင်ငံကို နိုင်ငံတကာတွင် ပိုမိုသိရှိလာစေရန် ခရီးသွားပြပွဲများတွင် တက်ကြွစွာ ပါဝင်ခြင်း၊ အွန်လိုင်း Webinar များဖြင့် ဗဟုသုတမျှဝေခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများ စနစ်တကျ ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊
လူမှုအကျိုးပြုလုပ်ငန်းများအနေဖြင့် မုန်တိုင်းဒဏ်သင့်ကျေးရွာများတွင် အိမ်ခြေ (၂၂) လုံး ပြန်လည်တည်ဆောက်ပေးခဲ့ပြီး၊ ငလျင်ဘေးသင့်ပြည်သူများအတွက် ကျပ်သိန်း (၅၀၀) ကျော် လှူဒါန်းနိုင်ခဲ့ကြောင်း၊
ယနေ့အစည်းအဝေး၏ အရေးကြီးသည့် အချက်တစ်ရပ်မှာ အသင်းသားများ၏ အခန်းကဏ္ဍကို ပိုမိုကျယ်ပြန့်စေရန် ၂၀၂၆ ခုနှစ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (မူကြမ်း) ကို အတည်ပြုခြင်းနှင့် “မြန်မာနိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေးအဖွဲ့ (Tourism Board of Myanmar – TBM)” ကို အမြန်ဆုံး ဖွဲ့စည်းနိုင်ရန် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
ထို့ပြင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပင်မစီမံကိန်း (၂၀၂၆–၂၀၃၀) ကို အချောသတ်ရေးဆွဲသွားမည်ဖြစ်ပြီး ဒစ်ဂျစ်တယ်နည်းပညာများ အသုံးပြုကာ ဈေးကွက်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အထွေထွေအတွင်းရေးမှူးမှ ၂၀၂၅–၂၀၂၆ နှစ်ပတ်လည်အစီရင်ခံစာအား ဖတ်ကြားတင်ပြခဲ့ပြီး၊ ၎င်းနောက် ဧည့်သည်တော်များ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် အသင်းသားများက အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ ပြင်ပစာရင်းစစ် Royal Partners Audit Firm မှ စာရင်းစစ်အစီရင်ခံစာကို ဖတ်ကြားတင်သွင်းခဲ့ပြီး၊ ၂၀၂၅–၂၀၂၆ နှစ်ပတ်လည်အစီရင်ခံစာနှင့် ၂၀၂၄–၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ချုပ်ငွေစာရင်းရှင်းတမ်းကို အတည်ပြုခဲ့သည်။ ထို့အပြင် ၂၀၂၆ ခုနှစ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (မူကြမ်း) ကိုလည်း အတည်ပြုခဲ့ကြသည်။
အခမ်းအနားကို အဖွဲ့ချုပ်ဥက္ကဋ္ဌ၏ နိဂုံးချုပ်အမှာစကားဖြင့် ပိတ်သိမ်းခဲ့ပြီး၊ တက်ရောက်လာကြသူများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကာ အခမ်းအနားကို ပြီးဆုံးစေခဲ့သည်။