Loading

30 October 2023 ______ Chartrium Hotel, Yangon
မြန်မာနိုင်ငံ၏ခရီးစဉ်ဒေသများသို့ ရုရှားခရီးသွားဧည့်သည်များ ပိုမိုသိရှိ လာရောက် လည်ပတ်စေရန်နှင့် မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုများကို ရုရှားခရီးသွားဈေးကွက်တွင် မြှင့်တင်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်မှု၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ၏ ပူးပေါင်း ကူညီဆောင်ရွက်မှုတို့ဖြင့် စီစဥ်ဆောင်ရွက်ခဲ့သော မြန်မာ-ရုရှား ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုခရီးစဉ် (Familiarization Trip – FAM Trip) အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ခဲ့သည့် ခရီးစဉ်တွင် လိုက်ပါခဲ့ကြသော ရုရှားခရီးသွားကိုယ်စားလှယ်များ၏ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Chatrium Hotel, Yangon ၌ ကျင်းပရာ အခမ်းအနားသို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းမှ အမှာစကားပြောကြားပါသည်။ ထို့နောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌမှ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းနှင့် ခရီးသွား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖွဲ့ချုပ်မှ တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ မိတ်ဆွေများအနေဖြင့် Fam Tripမှာ လေ့လာတွေ့ရှိခဲ့ကြသလို မြန်မာနိုင်ငံဟာ သဘာဝရှုခင်းများ၊ ယဥ်ကျေးမှုအမွေအနှစ်များ၊ ရိုးရာလူနေမှုပုံစံများစွာ တည်ရှိပါကြောင်း၊ မြန်မာလူမျိုးများရဲ့ ရိုးရှင်းမှုနှင့် ဧည့်ဝတ်ကျေပွန်ခြင်း၊ ဘာသာစကားအမျိုးမျိုး၊ အစားအသောက်နှင့် သရေစာများ၊ လက်မှုပစ္စည်းနှင့် အမှတ်တရပစ္စည်းများပြည့်စုံလှပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံမှာ အဖိုးတန်ကျောက်မျက်ရတနာများထွက်ရှိခြင်း၊ ရေခဲဖုံးလွမ်းသော တောင်တန်းများရှိခြင်း၊ ရှည်လျားသော ကမ်းရိုးတန်းများနှင့် ရိုးစင်းလှပသော ကမ်းခြများရှိပါကြောင်း၊ ကျွန်တော်တို့လူမျိုးကို မြန်မာလို့ခေါ်ပေမဲ့ တိုင်းရင်းသားလူမျိုး(၁၃၅)မျိုးရှိပါကြောင်း၊ ခရီးစဉ်များကိုကြည့်မယ်ဆိုရင် စွန့်စွန့်စားစားသွားရသည့် တောင်တက်ခြင်း၊ ခြေလျှင်ခရီးလမ်းလျှောက်ခြင်း၊ Snorkeling, Scuba diving ကဲ့သို့သော ခရီးသွားလှုပ်ရှားမှုများအပြင် သက်ကြီးပိုင်းများအတွက် တရားထိုင်ခြင်း ခရီးသွားလုပ်ငန်း စတဲ့ ခရီးစဉ်လုပ်ငန်းများဟာ ရုရှားကမ္ဘာလှည့်ခရီးသည်များအတွက် စိတ်ဝင်စားဖွယ်များဖြစ်နိုင်ပါကြောင်းနှင့် ခရီးသွားလုပ်ငန်းသည် ကျွန်တော်တို့ရဲ့ ယဥ်ကျေးမှုနဲ့သဘာဝပတ်ဝန်းကျင်၊ ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအဝိုင်းကို မထိခိုက်စေရန် တာဝန်ယူရန်လည်း အရေးကြီးပါကြောင်း၊ ယခုခရီးစဥ်တစ်လျှောက်မိတ်ဆွေများကြုံတွေ့ရတဲ့ လေ့လာတွေ့ရှိချက်များကို ပြန်လည် မျှဝေရန် ဖိတ်ခေါ်ပါကြောင်း၊ မိတ်ဆွေတို့ရဲ့ အပြုသဘောဆောင်တဲ့ အကြံပြုချက်များမှ တဆင့် မြန်မာနိုင်ငံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်နိုင်မယ်လို့ မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးစဥ်ဒေသများတွင် တမူထူးခြားတဲ့ ယဥ်ကျေးမှုနှင့် သဘာဝအမွေအနှစ်ကို အခြေခံသည့် ခရီးသွားလုပ်ငန်းဖွံ့ဖိုးတိုးတက်ရေးကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အား ပြောကြားသွားပါသည်။

ထို့နောက် FAM Trip ခရီးစဉ်သွားရောက် လည်ပတ်ခဲ့ကြသည့် ခရီးသည်များကိုယ်စား ကိုယ်စားလှယ်များက မြန်မာနိုင်ငံ၏ခရီးစဉ်ဒေသများသို့ သွားရောက်လည်ပတ်ခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်သည့် အတွေ့အကြုံများ ရှင်းလင်းတင်ပြကာ သိရှိလိုသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ပါသည်။ ၎င်းနောက် ရုရှားခရီးသွားကိုယ်စားလှယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါကြောင်းသိရှိရပါသည်။

မှတ်တမ်းဓါတ်ပုံများ