၂၅-၂၈ ဩဂုတ် ၂၀၂၆ | ဟိုချီမင်းမြို့၊ ဗီယက်နမ်နိုင်ငံ
ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၌ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်သည့် (၂၀) ကြိမ်မြောက် ဟိုချီမင်းအပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲ (ITE HCMC 2026) နှင့် ဆက်စပ်အစီအစဉ်များသို့ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
ခရီးစဉ်အတွင်း (၂၀) ကြိမ်မြောက် ဟိုချီမင်းအပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲ ဖွင့်ပွဲအခမ်းအနား၊ MICE အဆင့်မြင့်ခရီးသွားလုပ်ငန်းဖိုရမ်၊ (၇) ကြိမ်မြောက် ACMECS အစည်းအဝေးများနှင့် (၈) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် (CLMV) ဆက်စပ် အစည်းအဝေးများသို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များသည် ခရီးသွားပြပွဲအတွင်း မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်းနှင့် နိုင်ငံအလိုက် ခင်းကျင်းပြသထားသည့် ခရီးသွားပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါပြပွဲတွင် နိုင်ငံပေါင်း ၄၀ မှ ခရီးသွားလုပ်ငန်းဆိုင်ရာ ကိုယ်စားလှယ်များ၊ Buyer ၊ Seller များနှင့် ပြခန်းပြသသူများ စုစုပေါင်း ၃၀,၀၀၀ ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Photo : MOHTC








