8 May 2026 ______ Pan Pacific Yangon
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို အိန္ဒိယစျေးကွက်အတွင်း ပိုမိုကျယ်ပြန့်စွာ မြှင့်တင်နိုင်ရေးနှင့် မြန်မာနိုင်ငံအား အိန္ဒိယခရီးသွားများ စိတ်ဝင်စားသည့် ခရီးစဉ်ဒေသတစ်ခုအဖြစ် ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) နှင့် Aerionyx Global Representations တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU) ကို ၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် Pan Pacific Yangon ဟိုတယ်ရှိ Ballroom 2 ၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ MOU သည် နှစ်နှစ်သက်တမ်းရှိပြီး မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သွားမည့် သဘောတူညီချက်တစ်ရပ်ဖြစ်သည်။
သဘောတူညီချက်အရ Aerionyx Global သည် အိန္ဒိယစျေးကွက်အတွင်း MTF ၏ တရားဝင်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ခရီးသွားစျေးကွက်ဆိုင်ရာ သတင်းအချက်အလက်များနှင့် အလားအလာများကို ပံ့ပိုးပေးသွားမည်ဖြစ်သည်။ ထို့ပြင် တစ်နှစ်လျှင် အိန္ဒိယနိုင်ငံ၏ အဓိကမြို့ကြီး ၃ မြို့မှ ၅ မြို့အထိ Road Show များ ကျင်းပကာ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို မိတ်ဆက်သွားမည်ဖြစ်သည်။
ထို့အပြင် ဒစ်ဂျစ်တယ်စျေးကွက်မြှင့်တင်ရေးလုပ်ငန်းများ၊ PR လုပ်ငန်းများ၊ ကျွမ်းကျင်မှုမြှင့်တင်ရေး သင်တန်းများနှင့် B2B တွေ့ဆုံပွဲများကိုလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ MTF အနေဖြင့်လည်း ခရီးသွားဆိုင်ရာ အချက်အလက်များ၊ Branding လမ်းညွှန်ချက်များနှင့် မူဝါဒအပြောင်းအလဲများကို အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးပေးသွားမည်ဖြစ်သည်။
ယခု ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို အိန္ဒိယစျေးကွက်တွင် ပိုမိုထင်ရှားလာစေရန်နှင့် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် MOU လက်မှတ်ရေးထိုးပွဲအပြီးတွင် မြန်မာနှင့် အိန္ဒိယ ခရီးသွားလုပ်ငန်းရှင်များအကြား Business Matching အစီအစဉ်ကို ဆက်လက်ကျင်းပခဲ့ပြီး ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ၊ စျေးကွက်ချဲ့ထွင်ရေးနှင့် လုပ်ငန်းချိတ်ဆက်မှုများအပေါ် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။