9 May 2026 ____ Inya Lake Hotel, Yangon
အခမ်းအနားအစီအစဉ်အရ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ပေါင်းများစွာ လက်တွဲဆောင်ရွက်ခဲ့ကြသည့် ပြည်ထောင်စုဝန်ကြီးအငြိမ်းစားများ၊ ဒုတိယဝန်ကြီးအငြိမ်းစားများနှင့် ညွှန်ကြားရေးမှူးချုပ်အငြိမ်းစားများအား ယနေ့ကဲ့သို့ တွေ့ဆုံရခြင်းမှာ အင်မတန်ကျက်သရေရှိသော နေ့တစ်နေ့ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာကြိုးပမ်းဆောင်ရွက်ခဲ့ကြသော်လည်း မျှော်မှန်းထားသလောက် တိုးတက်မှုမရရှိသေးကြောင်း၊ ယခင်က ခရီးသွားလုပ်ငန်းအတွက် ဦးဆောင်ကြိုးပမ်းခဲ့ကြသူများနှင့် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးကာ အကြံဉာဏ်များ ရယူနိုင်ခြင်းအတွက် အလွန်ဝမ်းသာမိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အာဆီယံနိုင်ငံများကဲ့သို့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် “Myanmar Tourism Master Plan (2023–2030)” ကို ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များနှင့် ပူးပေါင်း၍ အချိန်မီ ရေးဆွဲတင်ပြခဲ့ပါကြောင်း၊ အာဆီယံနိုင်ငံများတွင် ခရီးသွားလုပ်ငန်းရန်ပုံငွေ ရရှိရေးအတွက် ဆောင်ရွက်နေကြသကဲ့သို့ မိမိနိုင်ငံတွင်လည်း ဆောင်ရွက်နိုင်ရေး အကြံပြုတင်ပြလိုပါကြောင်း၊ ထို့အပြင် ဝန်ကြီးဌာနဦးဆောင်မှုနှင့် ပုဂ္ဂလိကကဏ္ဍတို့ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် Tourism Board of Myanmar (TBM) ပေါ်ပေါက်လာစေရန် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးစေလိုပါကြောင်း တင်ပြခဲ့သည်။
ဆက်လက်၍ ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ အသင်းအဖွဲ့လိုက် ဆောင်ရွက်နေမှုအခြေအနေများ၊ တွေ့ကြုံနေရသည့် အခက်အခဲများ၊ ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှုများ၊ ပြည်ပနိုင်ငံများမှ ခရီးသွားဈေးကွက်ရရှိရေးအတွက် ဈေးကွက်မြှင့်တင် ဆောင်ရွက်နေမှုများနှင့် ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို မွန်းလွဲ ၁၂:၃၀ နာရီတွင် ရုပ်သိမ်းခဲ့သည်။

















