17 September 2026 ______ Webinar
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) အသင်းသားရေးကော်မတီမှ (၅) ကြိမ်မြောက် အွန်လိုင်းဆွေးနွေးပွဲအဖြစ် “Digital Marketing for Tourism MSMEs” Webinar အား စက်တင်ဘာလ (၁၇)ရက်နေ့၊ မွန်းလွဲ (၁)နာရီတွင် ကျင်းပရာ အသင်းသားရေးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ အလုပ်အမှုဆောင်များ၊ အခြားစိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌမှ မိတ်ဆက်စကား ပြောကြားခဲ့ပြီး အဖွဲ့ချုပ် အလုပ်အမှုဆောင်၊ ASEAN National Trainer & Certified Digital Trainer တစ်ဦးဖြစ်သူ ဒေါက်တာ စုမြတ်စန္ဒီဦးက အဓိကဆွေးနွေးသူအဖြစ် PowerPoint Presentation ဖြင့် “Digital Marketing for Tourism & Hospitality MSMEs” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲတွင် ကမ္ဘာ့ခရီးသွားများ၏ ၉၀ ရာခိုင်နှုန်းသည် အွန်လိုင်းအသုံးပြုမှုဘက်သို့ ပြောင်းလဲလာသည့် အခြေအနေများ၊ ခရီးသွားလုပ်ငန်းများအတွက် SOSTAC Strategic Planning Framework ကို အသုံးပြု၍ ဈေးကွက်ဗျူဟာ ရေးဆွဲနည်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့ပြင် Facebook၊ TikTok၊ Viber နှင့် Telegram ကဲ့သို့ ဆိုရှယ်မီဒီယာပလက်ဖောင်းများမှတစ်ဆင့် ခရီးသွားဈေးကွက် ထိုးဖောက်ရေးနှင့် Local SEO၊ Google Business Profile တို့၏ အရေးပါပုံများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ခရီးသွားလုပ်ငန်းများ၏ Digital Marketing စွမ်းဆောင်ရည် မြင့်မားလာစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်းကာ အခမဲ့ Digital Tourism Marketing သင်တန်းကို အောက်တိုဘာလတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

