27 July 2026 ____ Virtual Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) နှင့် ITE Russia တို့အကြား ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ (MOU) မူကြမ်းရေးထိုးနိုင်ရေးင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား ယမန်နေ့ နေ့လယ် (၂)နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ ITE Russia ကိုယ်စားလှယ် Mr. John၊ အဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ITE Russia ကိုယ်စားလှယ် Mr. John က အဆိုပြုထားသည့် MOU သည် ဥပဒေကြောင်းအရနှင့် ဘဏ္ဍာရေးဆိုင်ရာ ချည်နှောင်မှုမရှိသော (Non-binding) နားလည်မှုစာချွန်လွှာဖြစ်ပြီး၊ ရုရှား၊ ဥဇဘက်ကစ္စတန်အပါအဝင် CIS ဈေးကွက်များတွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးမည့်အပြင် မြန်မာနိုင်ငံတွင် ITE ပြပွဲကိုလည်း ပိုမိုလူသိများလာစေရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ ထို့ပြင် ITE Connect Digital B2B Platform တွင် လက်ရှိအသုံးပြုနေသူ ၂၆၀,၀၀၀ ကျော်ရှိနေပြီး မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းများလည်း ပါဝင်နိုင်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး အဖွဲ့ချုပ် ဥက္ကဋ္ဌ က MTF နှင့် ITE Group တို့အကြား အဆိုပြုထားသည့် နားလည်မှုစာချွန်လွှာ (MOU) သည် ဥပဒေကြောင်းအရနှင့် ဘဏ္ဍာရေးဆိုင်ရာ ချည်နှောင်မှုမရှိသော (Non-binding) သဘောတူညီချက်ဖြစ်သည့်အတွက် နှစ်ဖက်စလုံးအတွက် သင့်လျော်သော ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ဖြစ်ပါကြောင်း၊ အဆိုပါ MOU ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ပါက MTF နှင့် ITE Group တို့၏ အပြန်အလှန်မြှင့်တင်ရေးလုပ်ငန်းများကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းနှင့် ခရီးစဉ်ဒေသများကို နိုင်ငံတကာဈေးကွက်တွင် ပိုမိုလူသိများလာစေရန် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ထို့ပြင် ITE Group ၏ Platform များပေါ်တွင် မြန်မာနိုင်ငံကို ခရီးသွားဦးတည်ရာဒေသ (Destination) အဖြစ် ထည့်သွင်းမြှင့်တင်ပေးနိုင်မည်ဆိုပါက မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ အဖွဲ့ချုပ်သို့ ပေးပို့လာမည့် MOU မှုကြမ်းအား လာမည့်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေး သွားမည်ဖြစ်ပြီး သိလိုသည်များအား တက်ရောက်သူများမှ ပြန်လည်မေးမြန်းကာ အစည်းအဝေးအား နေ့လယ် (၂း၃၀)တွင် ရုပ်သိမ်းခဲ့သည်။