June 13, 2026 ________ Sedona Hotel
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) မှ ကြီးမှူးကျင်းပသည့် UMTA Travel Fair (UTF) 2026 ဖွင့်ပွဲအခမ်းအနားနှင့် ခရီးသွားလုပ်ငန်းဖိုရမ်ကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Sedona Hotel Yangon ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) မှ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်၊ ASEAN ဒေသတွင်းနှင့် နိုင်ငံတကာ ခရီးသွားလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနေမင်းထွန်းနှင့် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပြီးနောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားရာတွင် “ယခုကျင်းပသည့် UMTA Travel Fair (UTF) 2026 သည် မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရန် စုပေါင်းကြိုးပမ်းကြသည့် အရေးပါသော အခိုက်အတန့်ဖြစ်ပြီး “Strengthening Connections, Building Partnerships” ဟူသော ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံကို လူမှုအသိုက်အဝန်း၊ ယဉ်ကျေးမှုနှင့် ပတ်ဝန်းကျင်တို့ကို အကျိုးပြုသည့် တာဝန်သိသော ကမ္ဘာ့အဆင့်မီ ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်သွားရန် ဖြစ်ကြောင်း,,။ ထို့ပြင် ASEANTA, FATA နှင့် AEN ကဲ့သို့သော ဒေသတွင်းအဖွဲ့အစည်းများ၏ ပါဝင်မှုသည် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၏ အရေးပါပုံကို ဖော်ပြနေပြီး ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် တိုက်ရိုက်ချိတ်ဆက်ကာ လုပ်ငန်းများတိုးချဲ့နိုင်ရန်နှင့် မြန်မာ့အလှတရားများကို ပြသနိုင်မည့် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ကြောင်း။ ယခုပွဲမှတစ်ဆင့် ရရှိလာမည့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများသည် ခရီးသွားလုပ်ငန်း၏ ရေရှည်တည်တံ့ပြီး သာယာဝပြောသော အနာဂတ်အတွက် အခြေခံကောင်းများ ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း ” ဟု ပြောကြားခဲ့သည်။
ထို့အပြင် နေ့လယ်ပိုင်းတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများဆိုင်ရာ Panel Discussion များလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ UMTA Travel Fair (UTF) 2026 ကို ဇွန်လ ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာခရီးသွားလုပ်ငန်းကွန်ရက်များ တိုးချဲ့ချိတ်ဆက်နိုင်ရေးနှင့် ဒေသတွင်းခရီးသွားပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးကိုရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။