မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့/စီမံခန့်ခွဲရေးကော်မတီ၏ (ဗစ-၉/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက် (သောကြာနေ့) နံနက် ၁၀:၀၀ နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအဖွဲ့များဖြစ်သည့် မြန်မာ-ဂျပန်၊ မြန်မာ-ကိုရီးယား၊ မြန်မာ-တရုတ်၊ မြန်မာ-အာဆီယံ၊ မြန်မာ-ဥရောပနှင့် မြန်မာ-ရုရှား ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအဖွဲ့များအတွက် သက်ဆိုင်ရာဥက္ကဋ္ဌများ ခန့်အပ်နိုင်ရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးခြင်းများအပြင် မြန်မာ-အိန္ဒိယ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအဖွဲ့ အသစ်ဖွဲ့စည်းနိုင်ရေးအတွက်လည်း အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) နှင့် ပူးပေါင်း၍ သက်ဆိုင်ရာသင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ MTF Steering Committee နှင့် Kitchen Operation Committee များ ဖွဲ့စည်းနိုင်ရေးညှိနှိုင်းဆွေးနွေးခြင်း၊ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် (NMDC) မှ ကျောင်းသား၊ ကျောင်းသူများအား အလုပ်သင် (Internship) ခေါ်ယူသွားနိုင်ရေးကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ အဖွဲ့ချုပ်၏ ဘဏ္ဍာရေးရှင်းတမ်းများနှင့် ယခင်အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဖတ်ကြားတင်ပြပြီး ITE Group နှင့် MOU ရေးထိုးနိုင်ရေးကိစ္စ၊ ဒေသထွက်အမှတ်တရပစ္စည်းများအား ရေရှည်တည်တံ့သော ထုပ်ပိုးမှုနှင့် အမှတ်တံဆိပ်ဖော်ဆောင်မှုများဖြင့် တန်ဖိုးမြှင့်တင်နိုင်ရေးအတွက် ကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်မည့် ကိုယ်စားလှယ်များ ရွေးချယ်သတ်မှတ်ရေးကိစ္စနှင့် အမြဲတမ်းကော်မတီများ၏ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ ဘဏ္ဍာရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အွန်လိုင်းမှ အဝေးရောက်အလုပ်အမှုဆောင်များလည်း တက်ရောက်ခဲ့ကြပြီး ညနေ ၂:၃၀ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။



