ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများကို မြှင့်တင်ရန်၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူများအကြား ကျန်းမာရေးဆိုင်ရာ အားကစားလှုပ်ရှားမှုများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ Yangon Heritage Night Run 2026 ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် မေလ ၉ ရက်နေ့ ညနေ ၆ နာရီခွဲတွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ Myanmar Tourism Federation၊ Elite11 နှင့် Youth Running Club Myanmar တို့ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်သည်။
အခမ်းအနားသို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် အပြေးပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။
ပြိုင်ပွဲတွင် ၁၅ ကီလိုမီတာနှင့် ၅ ကီလိုမီတာ ပွဲစဉ် နှစ်မျိုး ထည့်သွင်းကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် စုစုပေါင်း ၄၃၅၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ထို့အပြင် နိုင်ငံခြားသား ပြိုင်ပွဲဝင် ၂၀၀ ခန့်လည်း ပါဝင်ခဲ့ကြောင်း သိရသည်။ အခမ်းအနားအတွင်း စင်တင်တေးဂီတဖျော်ဖြေမှုများလည်း ပါဝင်ခဲ့သည်။
ဆုကြေးငွေအဖြစ် ပထမဆုကို ကျပ်သိန်း ၃၀၊ ဒုတိယဆုကို ကျပ်သိန်း ၂၀ နှင့် တတိယဆုကို ကျပ်သိန်း ၁၀ ချီးမြှင့်ခဲ့ပြီး အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၅ ဦးတို့အား ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။









