15 August 2025 ______ The Strand Hotel, Yangon
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲ(၁း၃၀)တွင် ရန်ကုန်မြို့ The Strand Hotel တွင် ကျင်းပသည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်အကြံပေးနှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီး အဖွင့်အမှာစကားပြောကြားပြီးနောက် အဖွဲ့ချုပ်ဥက္ကဋ္ဌမှ ခရီးသွားကဏ္ဍတွင် ပုဂ္ဂလိကကဏ္ဍ၏ အရေးပါမှုကို အလေးထားမြှင့်တင်ပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေးအဖွဲ့ ( Tourism Board of Myanmar) ဖွဲ့စည်းသွားနိုင်ရေးအတွက် အာဆီယံနိုင်ငံများမှ အောင်မြင်နေသော အိမ်နီးချင်းနိုင်ငံတို့အား လေ့လာပြင်ဆင် ရေးဆွဲပြီး တင်ပြထားပါကြောင်း၊ ခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အရေးပါသော မြန်မာနိုင်ငံခရီးသွားလုပ်ငန်းပင်မစီမံကိန်း ၂၀၂၆-၂၀၃၀ (Myanmar Tourism Master Plan 2026-2030)အား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး အဖွဲ့ချုပ်မှ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များနှင့် ရေးဆွဲနေပါကြောင်း စသည့်တို့အား တင်ပြဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ညီနောင်အသင်းများမှ ဥက္ကဌများနှင့် တာဝန်ရှိသူများမှ အသင်းလိုက်ဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေများ၊ တွေ့ကြုံနေရသည့်အခက်အခဲများ၊ ကော်မတီများဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်ပနိုင်ငံများမှ ခရီးသွားဈေးကွက်ရရှိရေးအတွက် ဈေးကွက်မြှင့်တင်ဆောင်ရွက်နေမှု အခြေအနေများ၊ ဆောင်ရွက်ပေးစေလိုသည့်ကိစ္စရပ်များကို အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။













