17 – 20 November _____ Ninh Binh, Vietnam
ဗီယက်နမ်နိုင်ငံ၊ နင့်ဘင်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပသည့် (၅၆) ကြိမ်မြောက် မဟာမဲခေါင်ဒေသ (Greater Mekong Subregion) ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌနှင့် ညီနောင်အသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ GMS နိုင်ငံများ ကိုယ်စားပြု နိုင်ငံတကာ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများစွာ ပါဝင်တက်ရောက်ခဲ့ကြပြီး မဟာမဲခေါင် ခရီးသွားလုပ်ငန်းမဟာဗျူဟာ ၂၀၃၀ (GMS Tourism Strategy 2030) အား အကောင်အထည်ဖော်ရန် အရေးပါသည့် GMS Tourism Marketing Action Plan 2026-2030 ဆွေးနွေးခြင်းနှင့် ဒေသအတွင်းရှိ နိုင်ငံများပူးပေါင်း၍ စျေးကွက်ရှာဖွေရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်သွားရန် အဓိက ဆွေးနွေးခဲ့ကြသည်။ ဆက်စပ်ကျင်းပသည့် Global Sustainable Tourism Conference တွင်လည်း ဂေဟခရီးသွားလုပ်ငန်း၊ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ခရီးသွားလုပ်ငန်းများကိုလည်း ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် ဤဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မိမိ၏ ထူးခြားသော ယဉ်ကျေးမှု၊ သမိုင်းဝင်စေတီပုထိုးများနှင့် သဘာဝအလှတရားများကို နိုင်ငံတကာခရီးသွားများ ပိုမိုသိရှိနိုင်စေရန် လုပ်ဆောင်သွားနိုင်မည်ဖြစ်သည်။



