(၆၃) ကြိမ်မြောက် အာဆီယံအမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ၊ ဆီဘူးမြို့ရှိ နူးစတား အပန်းဖြေစခန်းနှင့် ကာစီနို၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် နှင့် ညီနောင်အသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ၊ ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗာနာ စီ ဘီယင်ဆူဆေးဆိုးက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အဖွဲ့ဝင်သစ် တီမောလက်စ်တေအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်ခရီးသွားအရာရှိကြီးများက ဒေသတွင်းခရီးသွားကဏ္ဍ ပိုမိုကြံ့ခိုင်ပြီး ရေရှည်တည်တံ့ကာ ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေးအတွက် လက်ရှိလုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ကာ ရှေ့ဆက်လုပ်ငန်းစဉ်များ ချမှတ်ရန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းပေါင်းစည်းမှုမှတစ်ဆင့် အရှေ့တောင်အာရှကို ကမ္ဘာ့အဆင့်မီ ခရီးသွားနယ်မြေအဖြစ် ဖော်ဆောင်ရာတွင် တက်ကြွ စွာပါဝင်ခြင်းဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
ဤအစည်းအဝေးသည် အာဆီယံ + ၃၊ အာဆီယံ-ဩစတြေးလျနှင့် အာဆီယံ-အိန္ဒိယ ဆက်စပ်အစည်းအဝေးများအပါအဝင် ရက်သတ္တပတ်တစ်ပတ်ကြာ ကျင်းပသည့် အာဆီယံခရီးသွားလုပ်ငန်းဆိုင်ရာ လှုပ်ရှားမှုများ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စင်ကာပူနိုင်ငံက နောက်ထပ်အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။ အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။



Screenshot
