မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF)၊ ဂေဟစနစ် ခရီးသွားလုပ်ငန်းအဖွဲ့၏ (၁/၂၀၂၆) အွန်လိုင်းအစည်းအဝေးကို မတ်လ ၁၇ ရက်၊ မွန်းလွဲ (၂း၃၀)တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပပြီး မြန်မာ့ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာနှင့် လက်တွေ့စီမံကိန်းများကို ဆွေးနွေးခဲ့သည်။ အစည်းအဝေးတွင် (၂၀၂၆–၂၀၃၀) ပင်မစီမံကိန်းနှင့်အညီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဒေသခံများ အကျိုးခံစားနိုင်မည့် ခရီးသွားပုံစံများ ဖော်ဆောင်ရန် ရည်ရွယ်ထားကြောင်း တင်ပြခဲ့ပြီး မြန်မာနိုင်ငံကို အာဆီယံဒေသတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်း၏ စံပြနိုင်ငံအဖြစ် တိုးတက်စေရန် ရည်မှန်းထားသည်။ ထို့ပြင် သီအိုရီထက် လက်တွေ့ကျသော လုပ်ငန်းစဉ်များကို ဦးစားပေး ဆောင်ရွက်မည်ဖြစ်ပြီး အဖွဲ့ဝင်များသည် မိမိတို့ကျွမ်းကျင်ရာကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။
အဓိက ဆွေးနွေးခဲ့ကြသည့် ပင်လယ်ရေကြောင်း သဘာဝအခြေခံခရီးသွားလုပ်ငန်း (Marine Ecotourism)၊ ဒေသခံအခြေပြု ခရီးသွားလုပ်ငန်း (Community-based Tourism – CBT)၊ ဘေးမဲ့တောများနှင့် ထိန်းသိမ်းရေး နယ်မြေများရှိ ခရီးသွားလုပ်ငန်းများ ပါဝင်သည်။ ထို့ပြင် ရန်ကုန်မြို့နှင့် နီးကပ်သော တွံတေးဒေသသို့ လေ့လာရေး ခရီးစဉ်များ ဆောင်ရွက်ရန်နှင့် အင်းလေးဒေသတွင် Rotary အဖွဲ့နှင့် ပူးပေါင်း၍ လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် အဖွဲ့ဝင်များက အကြံပြုခဲ့ကြသည်။ ငွေဆောင်ကမ်းခြေ သန့်ရှင်းရေး (Beach Clean-up) ကဲ့သို့သော လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းများကိုလည်း ပိုမို ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။
လုပ်ငန်းအဖွဲ့သည် အစိုးရဌာနများ၊ ပုဂ္ဂလိက ကဏ္ဍများနှင့် ဒေသခံများအကြား ပူးပေါင်းဆောင်ရွက်မှု (Public-Private-People Partnership) ကို တည်ဆောက်သွားမည်ဖြစ်ပြီး၊ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း မော်ဒယ်များကို ရေးဆွဲခြင်း (Mapping) နှင့် စမ်းသပ်ဆောင်ရွက်ခြင်း (Piloting) များ ပြုလုပ်သွားမည်ဖြစ်သည်။ အစည်းအဝေးကို အဖွဲ့ဝင်များ စုံလင်စွာ တက်ရောက်ခဲ့ကြပြီး၊ နောက်ထပ် ညှိနှိုင်းအစည်းအဝေးကို မတ်လ ၃၁ ရက်နေ့တွင် ထပ်မံ ကျင်းပရန် လျာထားကြောင်း သိရသည်။