မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ခရီးသွားကဏ္ဍ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ခရီးသွားကဏ္ဍရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်သည့် “လက်ဖက်ရည်စကားဝိုင်း” (Tea Talk) ဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ ဇွန်လ (၃၀) ရက်၊ အင်္ဂါနေ့ မွန်းလွဲ (၁:၀၀) နာရီတွင် ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရီးသွားလုပ်ငန်းရှင်များ၊ National Management Degree College (NMDC) မှ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ အခြား ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌက အမှာစကား ပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားရာတွင် “ခရီးသွားကဏ္ဍ MSMEs လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို စုပေါင်းအဖြေရှာနိုင်ရန်အတွက် ယခုကဲ့သို့ ဆွေးနွေးပွဲများ ကျင်းပခြင်းဖြစ်ကြောင်း” ကို ထည့်သွင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ခရီးသွားကဏ္ဍ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ (ယာယီ) မှ Tea Talk ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြရာတွင် “ခရီးသွားလုပ်ငန်းများနှင့် ဆက်စပ်သူများအကြား ဥပဒေ၊ နည်းဥပဒေဆိုင်ရာ အခက်အခဲများ၊ စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့ရရှိမှု ကိစ္စရပ်များကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးအကြံပြုနိုင်သည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း” ရှင်းလင်းတင်ပြခဲ့ပါသည်။
ယင်းနောက် တက်ရောက်လာသူများမှ အဖွဲ့ (၄) ဖွဲ့ခွဲ၍ အောက်ပါ ခေါင်းစဉ်များအလိုက် ဆွေးနွေးခဲ့ကြပါသည် –
• ဥပဒေ၊ နည်းဥပဒေနှင့် မူဝါဒဆိုင်ရာအကြောင်းအရာများ၊ လိုင်စင်နှင့် အခွန်အခဆိုင်ရာ ကိစ္စရပ်များတွင် ဖြေလျှော့ပေးနိုင်မည့် နည်းလမ်းများ။
• အာဏာပိုင်အဖွဲ့အစည်းများ၊ DPS များ၊ NGO နှင့် CSO များဖြင့် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ။
• Tourism MSMEs လုပ်ငန်းများ၏ လုပ်ငန်းရှင်များ၊ ဝန်ထမ်းများနှင့် ဆက်စပ်ပါဝင်သူများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး (Capacity Building) ဆောင်ရွက်ရန် လိုအပ်ချက်များ။
• Tourism MSMEs လုပ်ငန်းများ ရပ်တည်နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့ (Financial Support) ထိရောက်စွာ ရရှိနိုင်ရေးနှင့် Digital Credit အသုံးပြုနိုင်ရေး ကိစ္စရပ်များ။
ဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် အကြံပြုချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် (Action Points) များကို အဖွဲ့လိုက် တင်ပြဆွေးနွေးခဲ့ကြပြီး ညနေ (၃:၃၀) နာရီတွင် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။




