22 September 2026 _____ Virtual Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) ၏ မြန်မာ-အာဆီယံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး လုပ်ငန်းအဖွဲ့၏ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အာဆီယံဒေသတွင်း ခရီးသွားဈေးကွက် မြှင့်တင်ရေးအတွက် ဘဏ္ဍာရေးလျာထားချက် ရေးဆွဲနိုင်ရန် ရည်ရွယ်၍ ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် လာမည့် ၆ လတာ (မတ်လ ၃၁ ရက်အထိ) ကာလအတွက် အနိမ့်ဆုံးလိုအပ်မည့် ဘတ်ဂျက်နှင့် ရှေ့တစ်နှစ်စာအတွက် လိုအပ်မည့် ခန့်မှန်းဘတ်ဂျက်များကို ရေးဆွဲနိုင်ရေး ဆွေးနွေးခဲ့ကြသည်။ လျာထားဘဏ္ဍာရေး၏ ၃၅ ရာခိုင်နှုန်းခန့်ကို ခရီးစဉ်ဒေသပုံရိပ်မြှင့်တင်ခြင်း (Destination Branding) လုပ်ငန်းများတွင် အဓိကအသုံးပြုရန် အကြံပြုခဲ့သည်။
ထို့ပြင် တိုက်ရိုက်လေကြောင်းလိုင်းများ ရှိပြီး ခရီးသွားထွက်ရှိမှုများသော ထိုင်း၊ မလေးရှား၊ ဗီယက်နမ်နှင့် စင်ကာပူ စသည့် အာဆီယံနိုင်ငံများကို ဦးစားပေး (Priority) အဖြစ် သတ်မှတ်၍ ဈေးကွက်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။
အာဆီယံနိုင်ငံများ၏ ခရီးသွားဒေတာများကို စုဆောင်းကာ အသေးစိတ်ဘဏ္ဍာရေးခွဲဝေမှုများကို လာမည့် ဒုတိယအကြိမ် အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

