Loading

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃၀)ရက် _______ ရွှေစံအိမ်ဟိုတယ်၊ နေပြည်တော်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လ (၃၀)ရက်နေ့ နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်တွင်ကျင်းပရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်မှုဆောင်များ၊ ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပထမဦးစွာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် Myanmar Tourism Development Board သို့မဟုတ် Authority တစ်ခုတည်ထောင်ရန် လိုအပ်ချက် ရှိ/မရှိနှင့် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို ဖော်ထုတ်ပြီးဆန်းစစ်ချက်များနှင့်အတူကော်မတီသို့ ပြန်လည်တင်ပြနိုင်ရန်အတွက် ကျင်းပခြင်းဖြစ် ကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင် Myanmar Tourism Development Board သို့မဟုတ် Authority တစ်ခုတည်ထောင်ရန် လိုအပ်ချက် ရှိ/မရှိနှင့် စပ်လျဉ်းပြီးအရေးပါသည့် ခေါင်းစဉ် (၅) ခုကို ရွေးချယ်သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် Myanmar Tourism Development Board ၏ လုပ်ငန်းယန္တရား စနစ်တကျပေါ်ထွက်လာပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်နည်းလမ်းများနှင့် လုပ်ငန်းစဉ်များကို ဖော်ထုတ်နိုင်ရန်အတွက် တက်ရောက်လာကြသူများအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်းပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များပါဝင်သော အဖွဲ့ (၅) ဖွဲ့မှ MTDB ၏ အမည်၊ မျှော်မှန်းချက်၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ၊ MTDB ၏ ဖွဲ့စည်းပုံ၊ MTDB ဥပဒေရေးဆွဲပြုစုရေးနှင့် ဥပဒေတွင်ထည့်သွင်းရမည့်ကိစ္စရပ်များ၊ MTDB ၏ စီမံကိန်း များချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် MTDB ၏ ဘဏ္ဍာငွေ အရင်းအမြစ်များရရှိခြင်း၊ ထိန်းသိမ်းခြင်းနှင့်သုံးစွဲခြင်း စသည့်ခေါင်းစဉ်များဖြင့် ကိုယ်စားလှယ်အသီးသီးမှ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ Ref. Myanmar Alin